မြန်မာပြည်၏ သမိုင်းမှာ သြချစရာကောင်းလောက်သည့် လူလိမ်များအကြောင်းကို ကြားဖူး ခဲ့ကြသည်။ နှစ်ထပ်ကွမ်းလိမ်၊ သုံးထပ်ကွမ်းလိမ်၊ သိကြားလိမ် စသဖြင့် ဂုဏ်တပ်ရလောက် အောင် အလိမ်တော်သူများရှိခဲ့ကြ သည်။ ဥပမာအနေဖြင့် လူလိမ် မစန်းဌေး၊ လူလိမ်နေဧကဲ့သို့ တစ်နိုင်ငံလုံးမသိသူမရှိ၊ သူ့အ ကြောင်း အတ္ထုပ္ပတ္တိပင်ထုတ်ရ လောက်အောင် တစ်ဖက်သား အပေါ် အလိမ်ပညာပြောင် မြောက်သူများပင်ရှိခဲ့၏ ။

ယခု ဇာတ်လမ်းကတော့ နိုင်ငံကျော်လူလိမ်များနှင့် ရင် ပေါင်တန်းပြီး သမိုင်းပါတွင်နိုင် သည့် ယောဂီဝတ်တစ်ယောက်၏ စိတ်ဝင်စားဖွယ်ဇာတ်လမ်းပင် ဖြစ်သည်။ နာမည်ကျော်အနု ပညာရှင်များ၊ အရပ်ဘက်၊ စစ် ဘက်အရာရှိကြီးများ၊ ရတနာ ကုန်သည်များမှအစ ရုံးဝန်ထမ်း၊ ထီသည်၊ သံဃာတော်များအဆုံး သူ့ကို ယုံယုံကြည်ကြည်ဖြင့်ငွေ သိန်းပေါင်းများစွာ ပေးအပ်ခဲ့ကြ သည်။ သို့သော်သူကတော့ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ လေပြီ်။

မယ်တော်ကြီးကို ယခုအခါ CID မှ လူဝတ်လဲပေးကာ ၄င်းက ပြစ်မှုများကို စွဲချက်တင်ထားပြီး ဖြစ်သည်။

သူ့နာမည်ကတော့ နန္ဒမာ လာဟုခေါ်သည့် ယောဂီဝတ်အ မျိုးသမီးဖြစ်သည်။ စောမြင့်ကြည် (ခ) ထန်ဏီဝင်းပြည့်ဟု လူအမည် ရှိသည်။ သူက ဒီဇာတ်လမ်း၏အ ဓိကဇာတ်ကောင်ဖြစ်လေသည်။ လူပေါင်းများစွာကတော့ ကံ မကောင်းအကြောင်း မလှသူများ အဖြစ် ဇာတ်လမ်းတစ်ထောင့် စီတွင်ပါဝင်ခဲ့ကြသည်။ ထိုအထဲ တွင် ရန်ကုန်မြို့နေ မသန္တာဦးမှာ တစ်ယောက်အပါအဝင်ပင်ဖြစ် သည်။

မယ်တော်ကြီးပေးတဲ့ဒုက္ခ

‘‘အကြားအမြင် ပါရမီရှင် ပြည်တွင်း၊ပြည်ပ သာသနာပြု၊ ခရေပင်မှာ တစ်စင်ထောင်မယ်’’ ဟု ဆိုင်းဘုတ်တပ်ထားသော နှစ် ထပ်တိုက်ကြီးထဲခြေချမိသည်နှင့် မသန္တာဦးကြက်သီးထရသည်။ မထဘဲနေနိုင်ရိုးလား၊ လူတစ်ရပ် ခန့်ရှိသည့် ဘီလူးရုပ်ကြီး၊ မာန်ပါ ပါဘိုးမင်းခေါင်ရုပ်တု၊ ရောင်စုံ ကန်တော့ပန်းများ၊ အုန်း၊ ငှက် ပျောပွဲများ ကအစီအရီ၊အကျအန ရှိနေသည်။ မသန္တာဦးလိုသိကြား သာသနာ၊ နတ်၊ ဗေဒင်တွေယုံသူ အဖို့ သည်အယောင်အဆောင် များက ခမ်းနားကြည်ညိုဖွယ် ကောင်းလှသည်။

စီးပွားရေးကိစ္စ အကျပ်အ တည်းတစ်ခု တွေ့နေသည့် မသန္တာဦးက မိတ်ဆွေတစ်ဦး၏ သတင်းပါးမှုကြောင့် အကြားအ မြင်မှန်လှသည်ဆိုသော မင်္ဂလာဒုံ မြို့နယ် ခရေပင်ရိပ်မွန် အိမ်ရာရှိ အကြားအမြင် မှန်လှသည်ဆို သော မယ်တော်နန္ဒမာလာဆီသို့ ရောက်လာခြင်းဖြစ်သည်။ သည် မယ်တော်ကြီးက အတွက်ကြမ်းသည်၊ ယတြာစွမ်းသည်၊ ဝိဇ္ဇာမြန်းသည်ဟု သူတို့အသိုင်းအ ဝိုင်းကြားမှာ နာမည်ကြီး၏။ အခု တော့ ဗေဒင်ခန်းထဲမဝင်ခင်ဧည့် ခန်းမှာပင် အတော်ကျနှင့်နေပြီ။

အောက်ထပ်ဧည့်ခန်းမှာ သူ့လိုဗေဒင်မေးလိုသူတွေ လေး၊ ငါးယောက်တွေ့ရသည်။ ဧည့်ခန်းအတွင်းတွင် စီစီတီဗီများ တပ်ဆင်ထားသည်။ ထို့ပြင် မယ် တော်ကြီးနှင့် အနုပညာရှင်များတွဲ ရိုက်ထားသည့်ပုံများကို အစီအ ရီချိတ်ထားသည်။ ဧည့်ခန်းအ တွင်းမှာပင် Smart TV ကြီးဖြင့် မယ်တော်ကြီး၏ ပြည်တွင်း၊ ပြည်ပသာသနာပြုပုံရိပ်များ၊ အလှူအ တန်းရက်ရောပုံများ၊ နာမည်ကြီး သူများနှင့် ဆရာ၊ ဒကာရင်းနှီးပုံ များ၊ နိုင်ငံပိုင်ရုပ်သံများမှ မယ် တော်ကြီးကို အင်တာဗျူးမေးမြန်း နေပုံများကို ဖွင့်ပြထားသည်။

မသန္တာဦးဗေဒင်မေးရန် အ လှည့်ရောက်၍ နေအိမ်အပေါ် ထပ်ဟောခန်းထဲသို့ တက်ရပြီ။ ဗေဒင်ခန်းထဲတွင် အထူးသတိ ထားမိသည်က သပ္ပာယ်စရာ ကောင်းလောက်အောင်ကို အကျ အနမွမ်းမံထားသော ဘုရားစင်ကို တွေ့ရ၏။ ထို့နောက်တော့ဟော မှုပြောမှုတို့ကို စကြပါ၏။ မသန္တာ ဦးက ၎င်းတို့ဇာတိကချင်ပြည် နယ်တွင် ကျောက်တူးဖော်သည့် လုပ်ငန်းတစ်ခု အကောင်အထည် ဖော်လို၍ ယခုအချိန်အခါမှာသင့်၊ မသင့်မေးမြန်းသည်။ ပြီးတော့ ၎င်းတို့လုပ်ငန်းလည်းတိုးချဲ့ချင် သည်ဟုပြောသောအခါ မယ် တော်ကြီးက ၎င်း၏တက်ဘလက် ကိုဖွင့်၍ဂဏန်းအချို့ချရေးပါသည်။ ပြီးတော့ ကျောက်တူးတဲ့ လုပ်ငန်းကို မလုပ်ဖို့အကြံပေးခဲ့သည်။

‘‘ဒီအချိန်မှာ ဒီစီးပွားရေး မလုပ်ပါနဲ့။ အစ်မတို့ အခုလုပ်နေ တဲ့ စိန်ရွှေရတနာရောင်းဝယ်တဲ့ အပေါင်ခံတဲ့လုပ်ငန်းကိုပဲ ဆက် လုပ်ပါလို့အကြံပေးတယ်။ ပြီး တော့ လုပ်ငန်းတိုးချဲ့ချင်ရင်သူ့ဆီ ကတစ်ဆင့် ဦးပိုင်ကုမ္ပဏီမှာငွေ ချေးဖို့လုပ်ပေးမယ်လို့ အကြံပေး တယ်၊ ဦးပိုင်ကုမ္ပဏီက ဗိုလ်ချုပ် တွေက သူ့တပည့်တွေချည်းပဲ။ သူပိုင်တယ်ဆိုတဲ့ပုံစံမျိုး’’

မသန္တာဦးက ထိုစဉ်ကအဖြစ် အပျက်များကို အသေးစိတ်ပြန် ပြောပြသည်။

‘‘သူ့ဆီလာကြတာ စစ်ဗိုလ် ချုပ်တွေ၊ အရာရှိတွေအများကြီးပဲ။ သူကိုယ်တိုင်လည်း ကိုယ့်ရှေ့ မှာတင် ဟိုဗိုလ်ချုပ်ကို ဖုန်းဆက် ပြ၊ ဟိုကတော်ဆီ လှမ်းခေါ်ဆို တော့ သူပြောသမျှကို ယုံကြည်ခဲ့ တာပေါ့’’ ဟု ၎င်းကပြောသည်။

ဇာတ်လမ်းကို အတိုချုံး၍ ပြောပါမည်။

ဤသို့ဖြင့် မသန္တာဦးက မယ်တော်ကြီးပြောသည့် အပေါင်ပစ္စည်းပေးစရာမလိုဘဲ ငွေချေးနိုင်သည်ဆိုသော ကုမ္ပဏီကြီးထံမှ ငွေချေးမည့်အစီအစဉ်ကို သံသယမရှိ သဘောတူခဲ့သည်။ အစီအစဉ်ကတော့ ကျပ်သိန်းတစ်ထောင် ထိုကုမ္ပဏီကို အရင် ပေးသွင်းရမည်။ ၄၅ ရက်ကြာ လျှင် နှစ်ဆကျပ်သိန်းနှစ်ထောင် ချေးငွေရမည်။ ပြီးတော့ မူလ ပေးသွင်းသည့် ကျပ်သိန်းတစ် ထောင်ကိုလည်း ပြန်ပေးမည်။ ချေးငွေကိုတော့ တစ်ကျပ်တိုးဖြင့် သုံးနှစ်အရစ်ကျဆပ်ရမည်တဲ့။

ဗေဒင်မေးရန်လာရာမှ အကြည်ညိုအကိုးစားလွန်၍ ကျပ်သိန်းတစ်ထောင်ကို မယ်တော်ကြီး ထံပေးအပ်ခဲ့သည်။ ထိုပိုက်ဆံများကိုလည်း မသန္တာဦးကဆွေ မျိုးများထံမှ ချေးငှား၍ ပေးခဲ့ခြင်း ဖြစ်သည်။

‘‘အခုတော့ ကျွန်မမှာ အိမ်က ကားကိုလည်းထိုးရောင်းလိုက်ရတယ်။ အမျိုးတွေဆီိကိုလည်း အကြွေးပြန်ဆပ်ရတယ်။ စီးပွား ရေးလုပ်တဲ့ဘဝကနေ အခုအိမ်မှာ ဖက်ထုပ်ရောင်းနေရတယ်။ အိမ်က ယောကျာ်းကသုံးလလောက် စကားမပြောဘူး’’

မှန်ပါသည်။အကြားအမြင်ရ သာသနာပြုမယ်တော်ကြီးက မသန္တာဦးကို ချေးငွေ မချပေးခဲ့သည့်အပြင် ကျပ်သိန်းတစ် ထောင်ကိုလည်း ပြန်မပေးခဲ့ပါ။ ၂၀၁၇ ခုနှစ် ၁၂ ပိုင်းက ပေးခဲ့သည့် ထိုကျပ်သိန်းတစ်ထောင်ကို မသန္တာဦးတစ်ယောက် လေးလတိုင် ယခုနှစ်သုံးလပိုင်းအထိ နေ့စဉ်လိုလိုဆရာမကြီး ဟောခန်းသို့ သွားရောက် တောင်းယူခဲ့သော်လည်း ဟိုနေ့ပေးမည်၊ ဒီနေ့ရမည်ဖြင့်သာ လှည့်ပတ်ပြောနေခဲ့သည်။ တစ်ပြားတစ်ချပ်မှမရခဲ့ဟု ဆိုပါသည်။

‘‘ကျွန်မလေ သူ့အိမ်ကိုနေ့တိုင်းသွားမှ အကြောင်းစုံသိရ တော့တယ်။ တနင်္လာနေ့ကသော ကြာနေ့အထိလာတဲ့ လူတွေက သူ့ဆီအကြွေးလာတောင်းတာ။ စနေနဲ့ တနင်္ဂနွေလောက်ပဲ ဗေဒင် မေးတဲ့လူကလာတာ’’ ဟု ၎င်း၏အတွေ့အကြုံကိုပြောသည်။

ထိုသို့ဖြင့် အကြားအမြင် မယ်တော်ကြီးအစွမ်းပြစောင်မ၍ စီးပွားပျက်သူများ၊ ခြစ်ခြစ်ကုတ် ကုတ်စုထားသမျှ တက်တက်စင် ပြောင်သူများ၊ ဒုက္ခအတိရောက် သူများနှင့် မသန္တာဦးချိတ်ဆက်မိ ခဲ့ပါတော့သည်။

‘‘အဲဒီတော့မှ ငါပါသွားတာ တောင် အတော်နည်းပါလားလို့၊ သူများတွေဆို သိန်းလေး၊ ငါး ထောင်၊ တချို့ဆိုသောင်းချီ’’ ၎င်းက သက်ပြင်းကိုချ၍ ပြောပါသည်။

ပါရမီရှင်မယ်တော်ကြီး

7day က မယ်တော်ကြီး ထံသို့ ကျပ်သိန်းတစ်ရာမှ သိန်း ထောင်ချီအထိ ပိုက်ဆံများပေး အပ်ခဲ့သည့် လူပုဂ္ဂိုလ်ခုနစ်ဦးနှင့် ဘုန်းတော်ကြီးတစ်ပါးကို အင် တာဗျူးခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်ခုနစ်ဦး အလိမ်ခံရသည်မှာ သိန်းပေါင်း တစ်သောင်းခွဲဝန်းကျင်ရှိသည်။ ထို့အပြင် ၎င်းတို့၏ လက်လှမ်းမီသလောက် စုံစမ်းမှုများအရ ခုနစ်ရက်သား သမီးလူပေါင်း များစွာထံမှ မယ်တော်ကြီးယူ ဆောင်သွားသော ငွေပမာဏမှာ ကျပ်သိန်းပေါင်းသောင်းနှင့်ချီရှိ ကြောင်း ပြောကြသည်။ အဆို ပါပမာဏမှာ ၎င်းတို့သိရှိသောလူ များထံမှ တွက်ချက်ရသလောက် သာဖြစ်ပြီး အလိမ်ခံရသူများ လည်း ကျန်ရှိဦးမည်ဖြစ်ကြောင်း ပြောသည်။

၎င်းတို့အပါအဝင် မယ် တော်ကြီးနှင့်အနီးကပ်နေဖူးခဲ့သူ များ၏ ပြောပြချက်များအရ မယ် တော်ကြီးမှာ ထိုကုမ္ပဏီကြီးတွင် ငွေချေးမည်ဟု လည်းကောင်း၊ ငွေဖြည့်ကတ်ရောင်းဝယ်ရေးအ စုရှယ်ယာဖြင့်လည်းကောင်း၊ ငွေ ပွားပေးမည်ဟု အလှူခံခြင်းဖြင့် လည်းကောင်း၊ ချက်လက်မှတ် အတုပေးခြင်း၊ အိမ်ဂရန်အတု ပေးခြင်းဖြင့်လည်းကောင်း၊အရစ် ကျတိုက်ခန်းဝယ်ယူရန်ဟု လည်း ကောင်းပုံစံမျိုးစုံဖြင့် ငွေကြေးများ ယူစေခဲ့သည်။ ထို့အပြင် အခြား ဆန်းပြားသော လှည့်ပတ်ပုံများ ကိုလည်း အောက်တွင်ဖော်ပြပါ မည်။

မယ်တော်ကြီးသည် ခရေ ပင်ရိပ်မွန်အိမ်ရာ (၂) ရှိ၎င်းပိုင်နှစ် ထပ်တိုက်တွင် ဟောခန်းဖွင့်ကာ ၎င်း၏ အမျိုးသားနှင့်အတူနေထိုင် သည်။ ဘေးကပ်လျက်တွင် လုံး ချင်းတိုက်တစ်လုံးကို ငှားရမ်းကာ ‘ဝါစိမ်းနီကုမ္ပဏီ’ဟု ရုံးခန်းထား ရှိပြီး ‘ပါရမီရှင် မဟာဂမ္ဘီရဂျာ နယ်’ထုတ်ဝေသည်။ လွန်ခဲ့သည့် လေးလကစ၍ ဂျာနယ်တိုက်ကို ပိတ်ထားသလို နေအိမ်ကိုလည်း အိမ်စောင့်ဖြင့်ထားကာမယ်တော် ကြီးမနေတော့ပေ။

မယ်တော်ကြီးက ဘိုးမင်း ခေါင်ဝိဇ္ဇာလိုင်းဖြင့် ခုနစ်ရက်သား သမီးကိုမ,သည်ဟု ယုံကြည်သူ များကဆိုကြသည်။ ၎င်းနေအိမ် ဟောခန်းတွင် အဘထွက်ပွဲကို နှစ်ကြိမ်တိုင်ကျင်းပခဲ့သေးသည်။ ဗေဒင်ဟောခကို စေတနာရှိသ လောက် သဒ္ဓါကြေးသာတောင်းခံ သည်။ ထို့အပြင်မယ်တော်ကြီးက အလှူအတန်းကို ရက်ရောစွာလုပ် ကိုင်တတ်သည်။ စိတ်ကျန်းမာ ရေးဆေးရုံသို့ ပုံမှန်လှူဒါန်းတတ် သလို လူမှုရေးအသင်းအဖွဲ့များ သို့လည်း ကျပ်သိန်း ၅၀၊ ကျပ် သိန်း ၁၀၀ စသဖြင့် လှူဒါန်းခဲ့ သည့်မှတ်တမ်းများရှိထားသည်။ ခရေပင်ရိပ်မွန်အိမ်ရာမှ လုံခြုံရေး ဝန်ထမ်းများကိုပင် တစ်ဦးလျှင် ကျပ်ငါးသောင်းမုန့်ဖိုးပေးတတ်သည်ဟု အဆိုပါလုံခြုံရေးများကပြောကြသည်။

၎င်း၏ နာမည်အကြီးဆုံး စွမ်းဆောင်မှုသည် ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ်တွင် ကိုး တောင်ပြည့်ဘုရား တည်ခြင်းနှင့် ၎င်းထံဗေဒင်လာမေးသည့် ယုံ ကြည်သူ ဒကာရင်းများကို ဗုဒ္ဓဂ ယာသို့ အခမဲ့ဘုရားဖူးပို့ဆောင် ပေးခြင်းတို့ဖြစ်သည်။ ထိုသို့ရက် ရောစွာ လှူဒါန်းမှုများကိုအ ကြောင်းပြကာ သီရိသုဓမ္မသိင်္ဂီဘွဲ့ ရအောင်ပင် ကြိုးပမ်းခဲ့သေးသည် ဟု ၎င်းနှင့်အနီးကပ်နေထိုင်ခဲ့ဖူး သူများက ပြောသည်။

၎င်းသည် လူဝတ်ဘဝ၂၀၀၅ ခန့်ကစ၍ ပုဒ်မ ၄၀၆ ယုံကြည် အပ်နှံဖောက်ဖျက်မှု အမှုတစ်မျိုး တည်းဖြင့် ထောင်သုံးကြိမ် ကျခဲ့ ဖူးသည်။ 7day မှ စုံစမ်းမှုများ အရ ထောင်မှထွက်လာပြီးနောက် အစောဆုံးအနေဖြင့် ဒေါ်နန္ဒမာ လာသည် လူဝတ်ကြောင်ဘဝဖြင့် ၂၀၁၃ တွင် လိမ်လည်မှုတစ်ခုကျူး လွန်ခဲ့ဖူးသည်ကို သိရသည်။ ဖြစ်စဉ်မှာ မန္တလေးမြို့ရှိစီးပွားရေး လုပ်ကိုင်နေသူ အမျိုးသမီးထံမှ ငွေဖြည့်ကတ် လက်ကားဝယ်ယူ သည့်ကိစ္စတွင် ကျပ်သိန်း ၇,၀၀၀ ကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ် သည်။

‘‘အဲဒီတုန်းက သူ့မှာ ရွှေတွေများဝတ်ထားတာ ပြူးနေတာပဲ။ လက်မှာဆို တံတောင်ဆစ် လောက်ရှိမယ်။ မိတ်ဆွေတစ် ယောက်နဲ့ဆက်စပ်ပြီးသိခဲ့တာ’’ ဟု ငွေကြေးလိမ်လည်ခံခဲ့ရသည့် မန္တလေးမြို့မှ မနေဇင်မြင့်ကပြော သည်။ ၎င်းက မဟာအောင်မြေတ ရားရုံးတွင် အမှုဖွင့်တရားစွဲဆိုရာ ဝရမ်းပြေးအဖြစ်နှင့် တိမ်းရှောင် နေရင်း ရန်ကုန်မြို့တွင် ယောဂီဝတ်ဘဝကိုခံယူကာ သာသနာ့ဝန်ဆောင် လက်မှတ်ရအောင်ယူ ခဲ့သည်။

‘‘တရားရုံးက ဝရမ်းထုတ်ထားတဲ့လူက နှစ်ဒီလောက်ကြီး တရားခံပြေးလုပ်ပြီး ဒီမှာထပ်လိမ်တယ်ဆိုတော့ ဒါဘယ်လိုမှမဖြစ်သင့်ဘူး’’ ဟု မနေဇင်မြင့်ကပြောသည်။

မယ်တော်ကြီးကို ၂၀၁၄ တွင် ယောဂီဝတ်ပုံစံဖြင့် စတင် တွေ့မြင်ခဲ့ရသည်။ ၎င်းသည် မင်္ဂလာဒုံမြို့နယ် ခရေပင်ရိပ်မွန်အိမ်ရာမှာပင် ပထမဦးစွာပျဉ်ထောင် အိမ်တစ်လုံးကိုငှားရမ်း၍ ဗေဒင် ဟောခန်းဖွင့်ခဲ့သည်။ ထို့နောက်မှ လက်ရှိနေထိုင်သော နှစ်ထပ် တိုက်ကို ကျပ်သိန်းနှစ်ထာင်ကျော် ဖြင့်ဝယ်ယူခဲ့သည်။ ဤမှစကာ ပါရမီရှင် မယ်တော်ကြီးအဖြစ် တစ်ခန်းရပ် ကန့်လန့်ကာကို စတင်ဖွင့်လှစ်ခဲ့တော့သည်။

မယ်တော်ကြီး၏ အံ့သြဘနန်းအစွမ်းများ

‘‘အကြားအမြင် အစီအရင် အရမ်းမှန်တယ်လို့ နာမည်ကြီး တာ။ ဘယ်လောက်တောင်လဲ ဆိုရင် အလုပ်လိုချင်လို့သူ့ဆီ သွားတယ်မလား။ သူက အေး ပြန်တော့ နင်မနက်ဖြန်အလုပ်ရ ပြီဆိုရင် ချက်ချင်းတန်းရတာ အဲဒီလို’’ဟု မယ်တော်ကြီးကို ယုံကြည်နေသည့် မင်္ဂလာဒုံမြို့နယ်မှ အမျိုးသမီးတစ်ဦးကပြောသည်။

မယ်တော်ကြီးသည် တခြား စွမ်း၊ မစွမ်းကိုတော့မသိ၊ အပြောအဆို စွမ်းလှသည်ကတော့ သေချာသည်။ ၎င်းငွေကြေးရယူခဲ့သူများထဲတွင် စရဖ(စစ်ဘက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်)မှ အရာရှိကြီးများ၊ တပ်မ တော်(လေ)မှ အရာရှိများ၊ စီးပွားရေးသမားများနှင့် နာမည် ကျော် အနုပညာရှင်အချို့လည်း ပါဝင်သည်။

ထိတ်ထိတ်ကြဲ ချမ်းသာသူများကိုသာမက ကျပ်အနည်းငယ်ကိုလည်း လိမ်တတ်သည်ဟုမျက် မြင်တွေ့ဖူးသူများက ဆိုကြသည်။

‘‘တစ်ခါ ကျွန်မတို့ရှေ့မှာတင် သူ့အိမ်ကို အဲကွန်းလာတပ်တဲ့ကောင်လေးကို ငွေလက်ငင်းမရှိလို့ ချက်လက်မှတ်ရေးပေးလိုက်မယ်ဆိုပြီး ရေးပေးလိုက်တယ်။ ကောင်လေးက ခနနေကျ တော့ ပြန်လာရော၊ချက်လက်မှတ် ကငွေထုတ်မရဘူး။ ဒါကိုလည်း ဟိုနေ့မှရမယ်၊ ဒီနေ့ရမယ်နဲ့ ရွှေ့ နေတာ ကျွန်မတို့ရှေ့တင်’’ ဟု မသန္တာဦးကပြောသည်။

ထို့အပြင် ဝုန်းဒိုင်းကြဲ၍ ငွေလာတောင်းသူများကိုမူ အရစ်ကျ ဖြင့် ခွဲခွဲ၍ပေးတတ်သေးသည်ဟု ၎င်းကပြောသည်။ ‘‘အဘွားကြည်ဆိုတဲ့အဘွားတစ်ယောက် သိန်း ၇၀၀ ပေးလိုက်ရတာ။ ဒါကိုခွဲခွဲ ပြီးပေးနေတာ သုံးနှစ်ရှိပြီအကုန် ပြန်မရဘူး’’ ဟု မသန္တာဦးကဆက်လက်ပြောသည်။ ကာယကံရှင် အဘွားကြည်ကို 7day က ဆက်သွယ်မေးမြန်းရာ ဟုတ်မှန် ကြောင်း အတည်ပြုသည်။

မယ်တော်ကြီး၏ တစ်ဖက်လှည့်စောင်မမှုများမှာလည်း အံ့သြစရာ ကောင်းလှသေးသည်။ ၎င်းထံသို့ ယုံကြည်၍ ဆည်းကပ်လာသူများကို မယ်တော်ကြီးက ဗုဒ္ဓဂယာသို့ အခမဲ့ဘုရားဖူးပို့ ပေးသည်။ သို့သော် ၎င်းကိုယ်ပိုင် ငွေဖြင့်တော့မဟုတ်။ ခရီးသွားကုမ္ပဏီကို အကြွေးဖြင့်ပို့ခိုင်းခြင်း ဖြစ်သည်။ ၎င်းအသုံးချခဲ့သောခရီး သွားကုမ္ပဏီသုံးခုခန့်ရှိသည်ဟု ရင်းနှီးသူများက ဆိုသည်။ 7day က အဆိုပါသတင်းကိုစုံစမ်းကြည့် ရာ ရွှေမဟာဗုဒ္ဓဂယာဘုရားဖူး အဖွဲ့နှင့် ရွှေကိန္နရီဘုရားဖူးအဖွဲ့တို့ကို မယ်တော်ကြီးက ထိုကဲ့သို့ တစ်ပတ်ရိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုရွှေကိန္နရီ ဘုရားဖူးအဖွဲ့ဦးဆောင်သူဦးနေမျိုးနိုင်က မယ်တော်ကြီးကို လှိုင်မြို့နယ်တွင် တရားစွဲဆိုထားသည်။

‘‘ကျွန်တော်တို့ ၁၃ ကြိမ် လောက်ပို့ခဲ့တယ်။ အခေါက်တိုင်းလိုလိုပဲ ပိုက်ဆံအကျေမရှင်းပေးခဲ့ဘူး။ သိန်းထောင်ဂဏန်းမှာရှိပါတယ်’’ ဟု ဦးနေမျိုးနိုင်က 7day အား ပြောသည်။

ထို့အပြင် မယ်တော်ကြီးက သံဃာတော်များထံမှလည်း ငွေ ကြေးရယူခဲ့သေးသည်။ ထိုမျှတင် မကသေး၊ သံဃာတော်များ၏ အမည်ကိုသုံး၍ ဒကာများထံမှ ငွေကြေးအမြောက်အမြားကို ယူ ဆောင်သွားခဲ့သေးသည်။ စုံစမ်းမှု များအရသိရှိခဲ့ရသည်မှာ မှော်ဘီ မြို့နယ်ရှိ ကြီးအင်းတောင်ဆရာ တော်ဖြစ်သည်။

၎င်းပိုင်သည့် ပါရမီရှင်ဂျာ နယ်တွင် ‘ကြီးအင်းတောင်ဆရာ တော်သို့ စေတီနှင့်ကျောင်းများ လှူဒါန်းရန် အလှူရှင်များဖိတ် ခေါ်ပါသည်’ဆိုသည့် သတင်း ဆောင်းပါးတစ်ခုဖော်ပြခဲ့ပြီး အလှူငွေများရယူခဲ့သေးသည်။ ထို့ ပြင် ကြီးအင်းတောင်ဆရာတော်ကြီးထံသို့ ကျောင်းလှူမည်၊ ကား လှူမည်ဟု အမျိုးမျိုးပြောဆိုကာ ၂၀၁၇ စက်တင်ဘာတွင် ငွေကျပ်သိန်း ၁၂၀ ယူဆောင်သွားခဲ့သည်ဟု ဆရာတော်ကြီးက 7day အား မိန့်ကြားသည်။

‘‘ဘုန်းကြီး ပြန်တောင်းတာ ခုနစ်လကြာတယ်။ ခုနစ်လ လောက်နေတော့ သူပြန်တော့ ပေးပါတယ်။ အဲဒီအခါကမှာဘုန်း ကြီးသိလိုက်ရတာ။ ဘုန်းကြီး ဒကာ၊ဒကာမတွေဆီက သိန်းတစ် ထောင်ပါတဲ့လူပါ၊ သိန်း ၆၀၀ ပါ တဲ့လူပါ မနည်းဘူး။ ပါသွားကြပြီ။ ဘုန်းကြီးနာမည်နဲ့ အလှူခံတာ ရှိတယ်၊ ချေးငွေဆိုပြီး လုပ်သွားတယ်။ ဘုန်းကြီးဘာမှ မသိခဲ့ဘူး’’ ဟု ဆရာတော်ကြီးက မိန့်သည်။ ၎င်းပြောသလို စေတီတည်ခဲ့ခြင်း၊ ကျောင်းလှူခြင်းလည်းမရှိခဲ့ပေ။

ထို့အပြင် ကြီးအင်းတောင် ဆရာတော်မှတစ်ဆင့် စုံစမ်းသိရသည်မှာ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အနီးမှလော ကလင်္ကာရကျောင်းနှင့် မယ်သီလရှင်ကျောင်းတစ်ခုကိုလည်း ထိုသို့ လိမ်လည်ခဲ့သည်ဟု သိရသည်။

‘‘ဒီအမျိုးသမီးကတော့ ပြောသလိုပါရမီရှင်ပါပဲ၊ တကယ့်လိမ် တဲ့နေရာမှာတော့ပါရမီရှင်ပဲ’’ ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

မယ်တော်ကြီး၏ အလိမ်ခံခဲ့ရသူများကို မေးမြန်းချက်အရ ၎င်းမှာအပေးအကမ်းရက်ရောပြီး ဥစ္စာဓနကြွယ်ဝသည်ကို တွေ့ရ ခြင်းကြာင့် ယုံကြည်မိခဲ့ကြောင်း အားလုံးက တညီတညွတ်တည်း ပြောကြသည်။ ထို့အပြင် တစ် ဖက်သား ကျလောက်အောင်လည်း သိုင်းဝိုင်း၍ပြောတတ်သည်ဟု ၎င်းတို့ကဆိုသည်။

‘‘အဆိုးဆုံးကတော့ လူကြီးပိုင်းတွေ၊ နာမည်ကြီးတွေတောင် သူ့ဆီတဖွဲဖွဲလာကြတာပေါ့။ ဒီလိုမျိုးနဲ့ အထင်ကြီးခဲ့မိတာ’’ ဟု မသန္တာဦးက ပြောသည်။

မယ်တော်ကြီး၏ ဇာတ်သိမ်း

လက်ရှိတွင်တော့ ငွေကြေးဆုံးရှုံးသွားသူများသည် သူ့နည်းသူ့ဟန်ဖြင့် မယ်တော်ကြီးကို အမှုဖွင့်ထားကြသလို မသန္တာဦးလည်း မယ်တော်ကြီးကို မင်္ဂလာဒုံရဲစခန်းတွင် မေ ၂၉ ရက်တွင်အမှုဖွင့်ထားသည်။ ထိုသို့ အမှုဖွင့်ထားသည့်အတွက် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းများထုတ်ပြန်သော ရဲဇာနည်ဖေ့စ်ဘွတ်ခ်တွင် မေ ၃၀ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

‘‘ကျွန်တော်တို့ သုံးခေါက်သွားပါတယ် သူမရှိပါဘူး’’ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။ 7day သတင်းစာမှ မယ် တော်ကြီးနေထိုင်သည့်အိမ်သို့ နှစ်ကြိမ်သွားရောက်စုံစမ်းရာ ဒိုက်ဦးမြို့သို့ သွားနေကြောင်းပြန် လည်ဖြေကြားသည်။

လွန်ခဲ့သည့်ရက်များက မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက၎င်းထံသို့ မယ်တော်ကြီး နန္ဒမာလာကို လာရောက်တိုင်တန်းသူများရှိသည့်အကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြရာ မယ်တော်ကြီးမှာ ထပ်ဆင့်နာမည်ကြီးလာခဲ့သည်။ ထို့အပြင်၎င်းနှင့်အတူ ယခင်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်နှင့်တွဲရိုက်ထားသည့်ပုံများလည်း ပျံ့နှံ့လာခဲ့သည်။ ထိုသို့ ပျံ့နှံ့ပြီးနောက်ထပ် တိုးတိုင်ကြားသူများလည်း ပိုများ ပြားလာကြောင်း ဦးအောင်လှိုင်ဝင်းကပြောသည်။

‘‘ဒီယောဂီက မင်္ဂလာဒုံမှာ အရမ်းနာမည်ကြီးတယ်ဗျာ၊ အ ပေးအကမ်းရက်ရောတော့ သူ့လူ တွေချည်းပဲ။ ကျွန်တော်တို့ ရွေး ကောက်ပွဲလို မဲခွဲပြီးဆုံးဖြတ်ရင် တော့ သူနိုင်လိမ့်မှာပေါ့ဗျာ’’ ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က ဆိုသည်။ ထို့အပြင် ဥပဒေအတိုင်းဆောင်ရွက်မည်ဟု ၎င်းက ထပ်ဆင့်ပြောကြားသည်။

မယ်တော်ကြီးထံ ငွေကြေး ဆုံးရှုံးသူများကမူ ၎င်းတို့ထိုက် သင့်သလောက်ငွေများ ပြန်လည် ရရှိရန် မျှော်လင့်နေဆဲဖြစ်သည်။ သို့သော် ထိုအထဲတွင် မသန္တာ ဦးတော့ မပါဝင်ပါ။

‘‘ကျွန်မလုံးဝပြန်မရလောက် တော့ဘူးကျွန်မသိတယ်။ ဒါပေမဲ့ ဒီသင်္ကန်းကြီးဝတ်ပြီးလိမ်နေတာ ဒီသင်္ကန်းကျွတ်ကို ကျွတ်ရမယ်။ သူလုပ်ခဲ့တာတွေအတွက်ထောင် ထဲဝင်ကိုဝင်ရမယ်။ ကျွန်မရေဆုံး မြေဆုံးလိုက်ဦးမှာ’’ ဟု လက်သီးကိုဆုပ်ထားရင်း ပြောလိုက်လေသည်။

ဟိန်းသာ (7Day News Journal)