ပရိသတ်တွေက ခီမောင်နှံလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ မြန်မာ့ရုပ်ရှင်လောကကြီးကို တစ်နည်း တစ်ဖုံပြောင်းလဲ ပြီးပြန်လည် ဦးမော့လာစေခဲ့သူတွေ၊ ပရိသတ်တွေ စိတ်ဝင်စားမှုပြန်ရလာအောင် အဖတ်ဆည်ပေးခဲ့သူတွေဆိုရင်လည်းမမှားပါဘူး။ ခီမောင်နှံ ရိုက်တဲ့ကားဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေက ယုံကြည်ပြီးသားပဲလေ။ခီမောင်နှံရဲ့ရုပ်ရှင်ကားတွေဟာဆိုရင်လည်း ပေါကားတွေမဟုတ်ပဲ over acting တွေမပါပဲ အပိုအလိုမရှိကွက်တိဖြစ်ရအောင် ကြိုးစားရိုက်ကူးသရုပ်ဆောင်ထားကြတာကိုး။ ဇဏ်ခီက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ မြန်မာကားတွေက နိုင်ငံခြားကားတွေကို ပေါ်တင်တစ်မျိုး မသိမသာတစ်မျိုး ဖြတ်ညှပ်ကပ်တွေတစ်မျိုး ကြုံသလိုကော်ပီကူးနေကြတယ်လို့ပရိသတ်တွေက ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။

ဇဏ်ခီကတော့ အနုပညာသမားအစစ်တစ်ဦးဖြစ်တဲ့အပြင် ပရိသတ်တွေကိုလေးစားသူတစ်ဦးလည်းဖြစ်တဲ့အလျောက် ကော်ပီဆိုရင်တော့ ဘယ်လိုကော်ပီမျိုးကိုမှအားမပေးဘူးလို့လည်း “ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူး။ ရုပ်ရှင်ပိုင်းရော ဂီတပိုင်းရော ပုံဆွဲတာရော ရှိသမျှ နောက်ဆုံးကျောင်းမှာ စာစီစာကုံးရေးတာကအစ တခြားသူဆီကကူးတာတို့ ဆရာမပြောတဲ့အတိုင်းရေးတာတို့ လုံးဝအားမပေးဘူး”လို့ ယတိပြတ်ပြောသွားပြီး နိုင်ငံတကာမှာလည်း Copy တွေရှိကြောင်းကို “Copy ကတော့ Hollywood မှာဆိုရင် ကိုရီးယားကားပြန်ရိုက်တာတို့ တရုတ်ကားပြန်ရိုက်တာတို့ရှိတယ်”လို့ ပြောပြသွားပါတယ်။

ဒါပေမယ့် Copy လုပ်တာချင်းတူရင်တောင် နိုင်ငံတကာမှာက တရားဝင်တလေးတစားနဲ့ ကော်ပီတာဖြစ်ကြောင်းလည်းဇဏ်ခီက “ဒါပေမယ့် သူတို့က ဒီကားကြိုက်လိုက်တာဆိုပြီး ပြန်ယူရိုက်လိုက်တာမဟုတ်ဘူး။ Flim Maken Production ကို ချဉ်းကပ်တယ်။ ကျသင့်ငွေကို ပေးပြီးတော့မှ ပြန်ရိုက်တာ။ အဲဒီလိုမျိုး ဆိုရင်တော့ ကျနော့်အနေနဲ့ ဘာမှမပြောဘူးပေါ့။ ဒါပေမဲ့ ဒီကားကြိုက်တယ်။ ဒီပုံစံလေး ယူရိုက်မယ် ဆိုတာတော့ မကောင်းဘူး။ သီချင်းလိုပဲပေါ့။ ဒီသီချင်း ကြိုက်တယ်။ ဗမာစာသားသွပ်ပြီး ဆိုကြမယ်ဆိုပြီး ဆိုတာမကောင်းဘူးပေါ့။ ကျနော့်အနေနဲ့ကတော့ အားမပေးပါဘူး”လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

ဇဏ်ခီတို့ရောက်မလာခင်က မြန်မာနိုင်ငံမှာ မြန်မာကားမကြည့်တဲ့လူဦးရေကတော်တော်များနေခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ မြန်မာကားတွေကို ပြန်လည်စိတ်ဝင်စားလာကြတဲ့လူတွေလည်းရှိလာခဲ့ပါတယ်။အဲဒါကို အခွင့်ကောင်းတစ်ခုအနေနဲ့ အသုံးချပြီး မြန်မာရုပ်ရှင်တွေကို ပိုကောင်းအောင်လုပ်ဆောင်သင့်ကြောင်းလည်း “ကျနော်ကတော့ Forward Moving ပဲ ကြိုက်တယ်။ ရှေ့ဆက်သွားမယ်။ ယုံကြည်နေတာကတော့ ပိုကောင်းလာလိမ့်မယ်။ ကျနော်တို့ ဥပါယ်တံမျဉ် မထွက်ခင်က ကျနော် ပြောသလိုပေါ့။ မြန်မာကား မကြည့်တဲ့လူဦးရေက တော်တော့်ကို များတယ်။သူတို့သာရုံထဲ ပြန်ရောက်လာရင် အရင်က အေဝမ်းတို့ခေတ်က အတိုင်းပဲ ပြန်ပြီး ဦးမော့လာလိမ့်မယ်။ အခုဆိုရင်လည်း မကြည့်တဲ့သူတွေ ရုံထဲပြန်ရောက်လာပြီဆိုတော့ အဲဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ သူတို့ကို ပိုပြီးတော့ ဆွဲဆောင်နိုင်ရမယ်”လို့ ဖြေကြားသွားတာလည်းဖြစ်ပါတယ်။

ဇဏ်ခီက လက်ရှိမှာတော့ တတိယမြောက်ကား ထာဝရနှောင်ကြိုးကိုရေကုန်ရေခမ်းစိတ်နှစ်ပြီးကြိုးစားနေကြောင်းကို “လောလောဆယ်ကတော့ သေချာအာရုံနစ်ပြီး လုပ်နေကြတာတော့ တတိယမြောက်ကား ထာဝရနှောင်ကြိုးပါ။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ ၂ကားထက်လည်းပိုကောင်းအောင် နိုင်ငံတကာစံချိန်လည်း ပိုမှီအောင်ကြိုးစားနေကြပါတယ်။ ၅ ပုံပုံ တပုံလောက်တော့ ပြီးသွားပြီ။ ဧပြီလလောက်ထိတော့ ရိုက်ကူးသွားမယ်”လို့ပြောပြသွားခဲ့ပါတယ်။