ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်ကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ချဲလ်ဆီးအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တောင်ပံ့ကစားသမား ဝီလီယံဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ချဲလ်ဆီးမှာပဲ ဆက်ရှိသွားလိုတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဘရာဇီးသား ဝီလီယံဟာ အဆိုပါပွဲမှာတော့ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဝီလီယံဟာ လက်ရှိ အပြောင်းအရွှေ့အတွင်းမှာ လန်ဒန်ကိုစွန့်ခွာတော့မယ်လို့ ရေပန်းစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကို ရမ်ဆေးရောက်ရှိလာခဲ့ပါက ဂျာမန်သားကွင်းလယ်လူ ဆမ်မီခီဒီရာ ဟာ စီးရီးအေချန်ပီယံအသင်းကနေထွက်ခွာသွားဖို့ရှိတယ်လို့ သိရပါတယ်။ Calciomercato ရဲ့ ဖော်ပြချက်အရ လတ်တလော ပုံမှန်ပွဲထွက်ခွင့် ရရှိခြင်းမရှိတဲ့ ခီဒီရာဟာ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ သိရပါတယ်။ ခီဒီရာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာမှ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ဂျူဗင်တပ်စ်အနေနဲ့လည်း လာမယ့် နွေရာသီမှာတော့ ကစားသမားအတွက်ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးသွားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ ၄င်းတို့ရဲ့ ကစားသမားဟောင်း နေသန်အကီကို စတမ်းဖို့ဒ်ဘရစ်ခ်ျဆီ ပြန်လည်းခေါ်ယူသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ အကီကို ပြန်လည်ဝယ်ယူခွင့်နဲ့ ရောင်းချထားတာဖြစ်ပြီးပေါင်သန်း (၄၀) နဲ့ ပြန်လည်ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ နယ်သာလန်သားလေး နေသန် အကီဟာ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ် (၂၂) ပွဲကစားထားပြီး (၃) ဂိုးဖန်တီးပေးပို့ မှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းဟာ မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Calcio Mercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အေစီနည်းပြ ဂတ်တူဆိုဟာ လက်ရှိအပြောင်းအရွှေ့ကာလအတွင်းမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေပြီး ဘယ်လ်ဂျီယံသား ဖယ်လိုင်နီကို ပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသက်(၃၁) နှစ်အရွယ် ဖယ်လိုင်နီဟာ မော်ရင်ဟိုထွက်ခွာသွားခဲ့တဲ့ နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ရုန်းကန်နေရပါတယ်။

ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကိုရေးဟာ ပီအက်စ်ဂျီအသင်းကို လက်ရှိဇန်နဝါရီလအတွင်းမှာပဲ ပြောင်းရွှေ့သွားလိုနေတယ်လို့ သိရပါတယ်။ ပြင်သစ်သား ဒူကိုရေးဟာ နည်းပြဒက်စ်ချမ့်စ်ရဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားခွင့်ရရှိလိုတာကြောင့်၎င်းအနေနဲ့ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်အရင်ကစားခွင့် ရရှိဖို့လိုတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ ဒူကိုရေးဟာ Canal Plus နဲ့ အင်တာဗျူးရာမှာတော့ ဝက်ဖို့ဒ်ကနေ ထွက်ခွာမယ်လို့ လူသိရှင်ကြား ဖြေကြားထားပါတယ်။

မန်စီးတီးဟာ အေဂျက်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နဲ့ အပြိုင်ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ Telegraph သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ နည်းပြဂွာဒီယိုလာဟာ ဒီဂျောင်ကို ဖာနန်ဒင်ဟိုရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝုဗ်ကွင်းလယ်ကစားသမား ရူဗန်နက်ဗက်စ်ကိုလည်းခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ကွင်းလယ်လူအသစ်တစ်ဦးကိုခေါ်ယူဖို့ ပေါင်သန်း(၁၀၀) တော့ အသုံးပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ ရောင်းချသွားလိုနေတယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ ဂျာမန်သားကွင်းလယ်လူ အိုဇေးလ်ဟာနည်းပြ အမ်မရီလက်အောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်မရရှိတော့တာဖြစ်ပြီး ဝက်စ်ဟမ်းကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အမ်းမရိတ်နဲ့ နီးစပ်သူအချို့ကတော့ အမ်မရီဟာ ကစာသမားအပေါ် အယုံအကြည်မရှိတော့ဘူးလို့ ပြောဆိုနေကြပါတယ်။

ဘာစီလိုနာ ဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာက သူ့အနေနဲ့ နူးကမ့်မှာပဲ ဆက်ရှိသွားလိုပေမယ့် သူ့ရဲ့အနာဂတ်ဟာ အသင်းရဲ့ တာဝန်ရှိသူတွေအပေါ် မူတည်တယ်လို့ ပြောကြားသွာခဲပပါတယ်။ စပိန်သား အယ်လ်ဘာရဲ့ လက်ရှိစာချုပ်ဟာ၂၀၂၀ ခုနှစ်မှာမှ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း စာချုပ်သစ်အတွက် ဆွေးနွေးမှု အဆင်မပြေသေးတာ ဖြစ်ပါတယ်။အယ်လ်ဘာဟာ ပီကေးနဲ့ ဘက်စကွက်စ်တို့လို အသင်းရဲ့ လုပ်ခလစာအများဆုံး ကစားသမားတစ်ဦး ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ သိပါတယ်။

နိုက်စ်အသင်းရဲ့ တိုက်စစ်မှူး ဘာလိုတယ်လီဟာ မာဆေးလ်အသင်းရဲ့ ဇန်နဝါရီ ဦးစားပေးပစ်မှတ်ကစားသမားဖြစ်တယ်လို့ France Football ကဖော်ပြသွားခဲ့ပါတယ်။ အီတလီသား ဘာလိုတယ်လီရဲ့ ကိုယ်စားလှယ်ဟာ မာဆေးလ်ရဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး သဘောတူညီချက်တော့ မရရှိသေးဘူးလို့ သိရပါတယ်။ ဘာလိုတယ်လီဟာ လက်ရှိဘောလုံးရာသီမှာ နိုက်စ်အသင်းအတွက် ပြည်တွင်းပွဲစဉ် (၁၀) ပွဲဆက်ကစားထားသော်လည်း လီဂူးဝမ်း သွင်းဂိုး တစ်ဂိုးမှာ ရရှိ
ထားခြင်း မရှိသေးတယ်ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဆယ်တာဗီဂို တိုက်စစ်မှူး မက်စ်မီလီယာနို ဂိုးမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့စပိန်အခြေစိုက်သတင်းအချို့က ဖော်ပြနေပါတယ်။ ဘာစီလိုနာဟာ အဆိုပါကစားသမားကို လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာပဲ ခေါ်ယူလိုနေပေမယ့် ဆယ်တာဗီဂိုက ရောင်းချသွားလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆယ်တာဗီဂိုဟာ မက်စီဂိုးမက်စ်ကို လာမယ့်နွေရာသီမှာ ယူရိုသန်း (၆၀) လောက်နဲ့ ရောင်းချသွားလိုနေတယ်လို့ သိရပါတယ်။