စပါးနဲ့လစ်ဗာပူးလ်ကွင်းလယ်လူဟောင်း ဂျေမီရက်ဂ်နက်က လက်ရှိ ဘောလုံးရာသီမှာ လစ်ဗာပူးလ် ဗဟိုခံစစ်မှူး ဗာဂျယ်ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ လစ်ဗာပူးလ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ ပေါင် (၇၅) သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့ ခံစစ်ကြောင်းအားနည်းမှုကို အကောင်းဆုံး ပြုပြင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗန်ဒိုက် ပါဝင်ကစားပေးထားတဲ့ ပြိုင်ပွဲစုံ (၅၂) ပွဲမှာ နည်းပြကလော့ပ်ရဲ့ လစ်ဗာပူးလ်ဟာ (၂၆) ပွဲအထိ ပေးဂိုးမရှိခဲ့ပဲ (၃၇) ပွဲအထိ အနိုင်ရရှိအောင်စွမ်းဆောင်ထားပါတယ်။ လက်ရှိ ရာသီမှာလည်း ပွဲစဉ် (၂၄) အပြီးမှာ ပရီးမီးယားလိဂ်ပေးဂိုး (၁၄) ဂိုးသာရှိသေးတာ ဖြစ်ပါတယ်။

တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနဲ့ ပတ်သတ်ပြီး ဒေးလီးမေးလ် ကိုပြောကြားရာမှာတော့ ရက်ဂ်နက်က “ဗာဂျယ်ဗန်ဒိုက်ကို လိုက်မီတဲ့ ကစားသမားမတွေ့သေးပါဘူး၊ သူဟာ လစ်ဗာပူးလ်ကို ကျောက်ဆောင်လိုမာကျောတဲ့ အသင်းဖြစ်အောင်ပြောင်းလဲပေးခဲ့ပြီး (၂၉) နှစ်အတွင်းမှာ အမှတ်ပေးချန်ပီယံအတွက် ရေပန်းစားတဲ့ အသင်းဖြစ်အောင် စွမ်းဆောင်ပေးနေပါတယ်၊သူ့ရဲ့အသင်းဖော် မိုဟာမက်ဆာလာအနေနဲ့ လည်း သူရရှိထားတဲ့ဆုတံဆိပ်ကို ဆက်လက်ထိန်းသိမ်းသွားချင်မှာပါ၊ လက်ရှိရာသီမှာလည်း သူဟာ သွင်းဂိုးအများဆုံးစာရင်းမှာ (၁၆) ဂိုးနဲ့ ဦးဆောင်ထားဆဲပါပဲ” လို့ဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ၄င်းရဲ့ အသင်းဟောင်းတစ်ခုဖြစ်တဲ့ စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ကိန်းဟာ စပါးရဲ့ အရေးကြီးဆုံးသော ကစားသမားတစ်ဦးဖြစ်ပါတယ်၊ သူ့ရဲ့ သွင်းဂိုးတွေဟာ စပါးအတွက်တော့ အခြားကစားသမားတွေထက် (၆)မှတ်လောက်ပိုတန်ပါတယ်၊ ပီအက်စ်ဗွီနဲ့ ပွဲစဉ်မှာသူ့ရဲ့ နောက်ကျဂိုးတွေဟာ စပါးကိုချန်ပီယံလိဂ်မှာ အခြေအနေကောင်းသွားစေတာပါ” လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကိန်း ဒဏ်ရာရရှိနေတဲ့ အချိန်မှာ အသင်းကိုကယ်တင်ပေးနေတဲ့ တောင်ကိုးရီးယားသား ဆွန်ဟောင်မင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ “ဆွန်ရဲ့ လုပ်အားနှုန်းဟာ မေးခွန်းထုတ်စရာကို မလိုပါဘူး၊ သူဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ အသင်းရဲ့ဘယ်ကစားသမားထက်မဆို ပိုမိုလျင်မြန် ခဲ့ပါတယ်၊ သူဟာ ပိုချက်တီနိုရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပါပြီ” လို့ဆိုသွားခဲ့ပါတယ်။