လာမယ့်နွေမှာ လီဗာပူး ကစားသမားဟောင်း အေစီမီလန် ကြယ်ပွဲ ဆူဆိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ စပါးအသင်းတို့ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။ အသက် ၂၅ နှစ်အရွယ် စပိန်သားဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီး ၆ ဂိုး ရပြီး ၈ ဂိုး ဂိုးထောက်ပံ့မှု ပြုလုပ်ထားတာပါ။

အိုဇေးလ် ပါဝင်ကစားခွင့် မရခြင်း အပေါ် ဂန်းနားဟောင်းကြီး ပေါမာဆန်က နားမလည်နိုင်အောင် ဖြစ်ရကြောင်း စိတ်ပျက်စွာ ဝေဖန်လိုက်ပါတယ်။ အကောင်းဆုံး ကစားသမား ဖြစ်သော်လည်း အာဆင်နယ်မှာ ကစားခွင့် မရဘဲ ကွင်းဘေးထိုင်နေရတဲ့ အိုဇေးက အသင်းကနေ အနားယူဖို့တောင် စဉ်းစားရမယ့် အနေအအထား ဖြစ်နေပြီလို့ ၄င်းက ဆိုပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းငယ် BATE ကို ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ အမ်မရီကတော့ ဒုတိယအကျော့မှာ အာဆင်နယ် နိုင်ပွဲယူပြီး နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ အမ်မရီက ကစားသမားတွေနဲ့ အသင်း ပရိသတ်တွေ အပေါ် ယုံကြည် ထားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ဘဲ အဆင်မပြေမှုများ ကြုံတွေ့နေတဲ့ ဆန်းချက်က သူ ပုံစံကောင်းများ ပြသခဲ့ရာ အသင်းဟောင်း အာဆင်နယ်ထံ ပြန်လာနိုင်ဖွယ် ရှိကြောင်း ကစားသမားဟောင်းကြီး အိုဗာမားစ်က သုံးသပ်သွားပါတယ်။

အိုဇေးဟာ ၄င်းကို ကစားခွင့်မပေးဘဲ အသင်းကနေ ရှင်းထုတ်ဖို့ ကြံနေတဲ့ အာဆင်နယ်ဘုတ်အဖွဲ့ရဲ့ အကြံအစည်ကို ဆန့်ကျင်ပြီး ၄င်းကို အငှားစေလွှတ်ဖို့ ကြိုးစားပါက ငြင်းပယ်ရန် ပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့လ အပြောင်းအရွှေ့တုန်းကလည်း အိုဇေးက ပီအက်စ်ဂျီရဲ့ အငှားနဲ့ လာကစားဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။