ယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ဟာ ညာဘက်ဒူးဒဏ်ရာကြောင့် သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်ကြာ အနားယူရတော့မယ်လို့ ချီလီလက်ရွေးစင်အသင်း ဆရာဝန် Pedro Onate က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆန်းချက်က ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ထိခိုက် ဒဏ်ရာ ရသွားခဲ့တာပါ။

ယူနိုက်တက် ရဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ “Never say die” စိတ်ဓာတ်က ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို ကျော်ဖြတ်ဖို့ အရေးပါကြောင်း ခံစစ်မှူးကြီး အက်ရှ်လေယန်းက ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမအကျော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပီအက်စ်ဂျီကို ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပေမယ့် လာမယ့် ဗုဒ္ဓဟူးညမှာ နောက်တစ်ဆင့် တက်သွားနိုင်မယ့် ထူးရှယ်ဖြစ်ရပ်မျိုး ယူနိုက်တက်က ဖန်တီးနိုင်မယ်လို့ လုခ်ရှောက ယုံကြည်မှု ရှိနေပါတယ်။

ကမ္ဘာကျော် ဘောလုံးကစားသမားဟောင်းကြီး ပီလီကတော့ လီဗာပူး ပရီးမီးယားလိဂ် ဖလားရမယ်လို့ ရာသီအစတည်းက သူ ထောက်ခံခဲ့တာ ဖြစ်ပြီး အခုထိလည်း လီဗာပူး လုပ်နိုင်ဦးမယ် ထင်ကြောင်း အားပေးပြောဆိုသွားပါတယ်။

ရာသီကုန်ထိ ကစားဖို့ ၉ ပွဲ ကျန်ရှိနေသေးပြီးပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အောက် အသင်း ဖြစ်သွားပြီ ဆိုတဲ့ ဝေဖန်မှုတွေကို အဖြေ ပေးသွားမယ်လို့ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ကြုံးဝါးလိုက်ပါတယ်။

ကာလရှည် ဒဏ်ရာရနေတဲ့ လီဗာပူးကွင်းလယ်ကစားသမား ချိန်ဘာလိန်က လာမယ့်သောကြာနေ့မှာ လီဗာပူး U23 အသင်းနဲ့အတူ ၀င်ရောက် ကစားမယ်လို့ တယ်လီဂရပ်ဖ်သတင်းက အတည်ပြုသွားပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုကို ရေပန်းစားနေတဲ့ ဗန်ဒိုက် မရသင့်ဘဲ ချယ်ဆီးမှ အီဒင်ဟာဇက်သာ ရသင့်တယ်လို့ အာဆင်နယ်ကစားသမားဟောင်းကြီး ရောဘတ်ပီယာ့ဇ်က ၄င်းအမြင်ကို ပြောကြားလိုက်ပါတယ်။

အငှားလာရောက် ကစားနေတဲ့ ဘာကာယိုကို ကို အပြီးသတ် ခေါ်ယူခွင့်အတွက် အေစီမီလန်အသင်းက ချယ်ဆီး အသင်းထံ ဈေးညှိဖို့ ကြံရွယ်နေပေမယ့် ချယ်ဆီးအသင်းဘက်ကတော့ ကစားသမားကို ယူရို ၃၈ သန်းနဲ့သာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ချယ်ဆီးအသင်းဟာ လက်ကျန် ၁၀ ပွဲမှာ ၁၀ ပွဲလုံး အနိုင်ကစားဖို့ စိတ်ဆုံးဖြတ်ထားခဲ့ကြကြောင်း ချယ်ဆီး တိုက်စစ်သမား ဟာဇက်က ဖွင့်ဟသွားပါတယ်။ ချယ်ဆီးအသင်းက လက်ရှိ အဆင့် ၆ နေရာမှာ ရှိသော်လည်း တစ်ပွဲ လျော့ကစားပြီး အဆင့် ၄ နေရာမှ ယူနိုက်တက်နဲ့ ၂ မှတ်သာ ကွာပါတယ်။

လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ခံစစ်မှူး ကိုစီရယ်နီကို ကန်ခဲ့တဲ့ စပါးကစားသမား ဒေဗီဆင် ဆန်းချက်ဟာ အက်ဖ်အေရဲ့ နောက်ဆက်တွဲ ပြစ်ဒဏ် တစ်စုံတစ်ရာ ကျခံရဖို့ မရှိကြောင်း သိရပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းကြီး ပီတစ်က လန်ဒန်ဒါဘီပွဲ အပြီးမှာ အာဆင်နယ်ခံစစ်မှူး မူစတာဖီကို အမှားဘုရင်ကြီး လို့ ခေါ်ဝေါ်သမုတ်လိုက်ပါတယ်။ မူစတာဖီက စပါးကို ပင်နယ်တီရသွားစေတဲ့ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ပြီး အာဆင်နယ်ကို အမှတ်လျော့စေခဲ့ပါတယ်။

စပါးခံစစ်မှူး ဒန်နီရို့စ်နဲ့ ထိခိုက်မိတဲ့ ဖြစ်စဉ်ကြောင့် တော်ရဲရား တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့နောက် စပါးနည်းပြ ပိုချက်တီနိုက အာဆင်နယ်ကွင်းလယ်ကစားသမားကို နောက်ဆက်တွဲ ထပ်တိုး ပြစ်ဒဏ် ချမှတ်ခြင်း မခံရအောင် ဒိုင်လူကြီးကို ကူညီ ရှင်းပြပေးခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးဟာ ဥရောပတခွင့် အတောင့်တင်းဆုံး လူစာရင်းပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲ ပါဝင်နေပေမယ့် စီးတီးမန်နေဂျာ ပက်ဂွာဒီယိုလာကတော့ လာမယ့်နွေမှာ ၃ နေရာ ၄ နေရာလောက် အင်အားဖြည့်တင်းဖို့ ရှိကြောင်း ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ၄င်းတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကို သက်သေထူဖို့အတွက်နဲ့တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်စရာ မလိုကြောင်းနဲ့ ပြီးခဲ့တဲ့ ရာသီ စံချိန်တင် ရမှတ်၊ သွင်းဂိုး၊ မှတ်တမ်းကောင်းတွေနဲ့ ဗိုလ်စွဲခဲ့ခြင်းကပင် ပြိုင်ဘက်ကလပ်အသင်းတွေ ကျော်ဖြတ်ရခက်ခဲတဲ့ ဆုတံဆိပ်တွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ဆုံးရှုံးခဲ့ပေမယ့် လီဗာပူးခံစစ်မှူး အန်ဒီရော်ဘတ်ဆန်က ချန်ပီယံဆုအတွက် ဖိအားက လီဗာပူးဆီကနေ မန်စီးတီးဆီ အားလုံး ရောက်ရှိသွားပြီ ဖြစ်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် စောင့်ကြည့်မှုတွေ အများအပြား ပြုလုပ်နေတဲ့ စပါးရဲ့ ရေဒါထဲမှာ ဒီတလော သတင်းစိတ်လာတာက ဒိန်းမတ်နဲ့ Copenhagen ကွင်းလယ်ကစားသမား ရောဘတ်စကော့ဗ် ဖြစ်ပါတယ်။ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ စကော့ဗ်က ဒိန်းမတ်စူပါလိဂ်မှာ မှာ ခြေစွမ်းပြနေပြီး ဒီရာသီ ပြိုင်ပွဲစုံ ၂၃ ဂိုး သွင်းထားပါတယ်။

စပါးအသင်းအတွက် ဒီရာသီ ဆုဖလား ရနိုင်တဲ့အခွင့်အရေးက ချန်ပီယံလိဂ်မှာသာ ရှိတော့ပြီး ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ မတိုင်ခင်မှာပဲ တိုက်စစ်မှူး ကိန်းက စပါးက ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အ သင်းထဲ မပါပေမယ့် ဘာမဆို ဖြစ်သွားနိုင်ပြီး စပါးလည်း ဗိုလ်စွဲနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။