မန်ချက်စတာယူနိုက်တက်၊ လီဗာပူး၊ ဂျူဗပ်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ လိုင်ယွန်မှ ယူရို သန်း ၇၀ နဲ့ ၈၀ ကြား တန်ကြေးရှိ ကွင်းလယ်ကစားသမား အန်ဒွမ်ဘီလီ ကို လာမယ့်နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စား စောင့်ကြည့်လာကြကြောင်း ပြင်သစ်သတင်းများမှာ ဖော်ပြလာပါတယ်။

မန်ယူနည်းပြ ဆိုးရှားဟာ စနေနေ့ နူးကမ့်မှာ ယှဉ်ပြိုင်မယ့် ဘာစီလိုနာနဲ့ အက်သလက်တီကိုပွဲကို လေ့လာကြည့်ရှုဖို့ စပိန်ရောက်နေတယ်လို့ သိရပါတယ်။ ဆိုးရှားက မန်ယူနဲ့ ချန်ပီယံလိဂ်မှာ ဆုံမယ့် ပြိုင်ဘက် ဘာစီလိုနာကို လာရောက် လေ့လာခြင်း ဖြစ်ဖွယ် ရှိပါတယ်။

မန်ယူရဲ့ ဘယ်လ်ဂျီယံသား တိုက်စစ်မှူး လူကာကူဟာ ရာသီအကုန်မှာ ၄င်း အနာဂတ်နဲ့ ပတ်သတ်ပြီး အသင်းနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ရှိကြောင်း ၄င်း အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပါတယ်။ လူကာကူဟာ မန်ချက်စတာမှာပဲ ဆက်ရှိနေဖို့ မသေချာပဲ စိန်ခေါ်မှုနဲ့ ဆုဖလားအသစ်တွေအတွက် အနာဂတ်မှာ အခြားသော လိဂ်ပြိုင်ပွဲတွေထံ ပြောင်းရွှေ့ကစားဖို့ ရွေးချယ်နိုင်ပါသေးတယ်လို့ အေးဂျင့်ဖြစ်သူက ဆိုပါတယ်။

မန်ယူက တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းထံ ရောင်းထုတ်ခဲ့မယ်ဆိုရင် အသင်းဟောင်း အဲဗာတန်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ပြောင်းရွှေ့ကြေး ပေါင် 5 သန်းအား မာဆေးဆိုဒ်ကလပ်ဘက်ကို ထပ်ပေးရမယ်လို့ သိရပါတယ်။

မန်ယူ ပစ်မှတ်ထားနေတဲ့ ဘရာဇီးသား တိုက်စစ်သမား ဒေါက်ဂလပ် ကော်စတာအတွက် ဂျူဗင်တပ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀-၆၀ ကြား ရရှိပါက အသင်းကနေ လက်လွှတ်ဖို့ ကြံရွယ်နေကြောင်း အီတလီသတင်းစာမှာ ဖော်ပြထားပါတယ်။

စပါး၊ မန်ယူနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ဖူဟမ်အသင်းမှ အင်္ဂလန်သား တိုက်စစ်သမား ရိုင်ယန် ဆီဂတ်ဆန်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

ဘာစီလိုနာဟာ ၄င်းတို့ ကစားသမား ၆ ယောက်ကို ရောင်းထုတ်သွားဖို့ ကြံရွယ်နေပါတယ်။ ရောင်းချမယ့် ကစားသမားထဲမှာ လီဗာပူးကစားသမားဟောင်း ကော်တင်ညို၊ ရာကီတစ်နဲ့ မန်ယူ၊ အာဆင်နယ်တို့ ပစ်မှတ် အမ်တီတီတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

မန်ယူဟာ ကလပ်အသင်းရဲ့ တိုက်စစ်သမား ဆန်းချက်စ်ကို နွေမှာ ရောင်းထုတ်ဖို့ ကြိုးစားသွားမယ့် သတင်းက အတော်လေး ကျယ်ပြန့်လာနေပါပြီ။ အသက် 30 အရွယ် ကစားသမားဟာ အိုထရတ်ဖိုဒ့်မှာ ခြေစွမ်းပြဖို့ရာ ရုန်းကန်နေရပြီး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရသူဖြစ်တယ်။

ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဟာ မိခင်ကလပ်အသင်းရဲ့ ပိတ်ပင် လစာဖြတ်ခံရတဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အကြောင်းကတော့ မန်ယူကို ရှုံးပြီး ပီအက်စ်ဂျီ ချန်ပီယံလိဂ် က ထွက်ခဲ့ရတဲ့ ပွဲပြီးနောက် အင်စတာဂရမ်မှာ ပက်ထရစ် အီဗရာ တင်ထားတဲ့ အောင်ပွဲခံ ဗီဒီယိုကို လိုက်ခ် လုပ်ခဲ့မိတာကြောင့်ပါ။