မန်ယူအသင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လက်တလော သတင်းတွေကြီးနေတဲ့အတိုင်း ကလပ်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဥရောပ ပြိုင်ဘက်တွေထံ ရောင်းချခဲ့ရင် ကြီးမားတဲ့အမှား ကျူးလွန်မိလိုက်တာပါလို့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်နဲ့ စပိန်သတင်းတွေရဲ့ ဖော်ပြချက်အရ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ လာမယ့် နွေရာသီအတွင်း ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလိမ့်မယ်လို့ သိထားရတယ်။ ဘာဘာတော့ဗ်ကတော့ အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် ပေါ့ဂ်ဘာ ဦးဆောင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ မန်ယူကို ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာဟာ နည်းပြသစ် ဆိုးလ်ရှားလက်ထက် အစောပိုင်းမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းဖော်တွေနည်းတူ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။

ဒါပေမယ့်လည်း မန်ယူမှာ ကမ္ဘာအဆင့် ကစားသမားတွေ နည်းပါးနေပြီး ပေါ့ဘာက အဆိုပါ ကစားသမားတွေထဲက တစ်ဦးဖြစ်လို့ ကလပ်အသင်းမှာ ဆက်ထိန်းပြီး ပိုမိုကောင်းမွန်တဲ့ အင်အားဖြည့်မှုတွေ လုပ်ရမယ်လို့ ဘာဘာတော့ဗ်က ယူဆပါတယ်။

တိုက်စစ်မှူးဟောင်းက ထောက်ပြ ပြောဆိုရာမှာ ” ဘာလို့ ပေါ့ဂ်ဘာက ပြဿနာဖြစ်နေရတာလဲ။ မီဒီယာတွေ၊ ဘောလုံးရေးရာ သုံးသပ်သူတွေက တချို့ကစားသမားတွေကို တခြားသူတွေထက် ပိုဝေဖန်လေ့ ရှိပါတယ်။ ဒါက မတရားပါဘူး။ ပေါ့ဂ်ဘာကလည်း စက်ရုပ် မဟုတ်ပါဘူး။

အသင်းကသာ သူ့ကို ရောင်းချလိုက်ရင် ကြီးမားတဲ့ အမှား ဖြစ်သွားပါလိမ့်မယ်။ နည်းပြ ဆိုးလ်ရှားကလည်း အသင်းကို တိုးတက်စေဖို့ ပေါ့ဂ်ဘာကို အဓိကထား တည်ဆောက်မယ်ပြောပြီး သူ့ကို ယုံကြည်မှုပြန်ရအောင် ကြိုးစားသင့်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း ပေါ့ဂ်ဘာ ငယ်ငယ်လေးတုန်းက သူနဲ့အတူ လေ့ကျင့်ခဲ့ဖူးပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းက မန်ယူမှာ လိုအပ်နေတာက ကမ္ဘာအဆင့် ခံစစ်မှူးမျိုးဖြစ်ပြီး လီဗာပူးဗဟိုခံစစ်မှူး ဗန်ဒိုက်နည်းတူ အရည်အချင်းရှိ ခံစစ်သမားကို ဦးစားပေးအဖြစ် ခေါ်ယူသင့်တယ်လို့ ထောက်ပြခဲ့တယ်။

ဘာဘာတော့ဗ်ကတော့ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေပြီး ဒီရာသီ အေဂျက်အသင်းမှာ တောက်ပနေတဲ့ နယ်သာလန် လူငယ်ခံစစ်မှူး ဒီလစ်ဟာ မန်ယူနဲ့ ကိုက်ညီမှုရှိမယ့် ကစားသမားအဖြစ် ထောက်ခံပေးခဲ့ပါတယ်။