ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ယူနဲ့ ချယ်ဆီးတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ (၂) သင်းလုံးဟာ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ရမှတ်တွေ လိုအပ်နေပေမယ့် တစ်ဖက်ကို (၁) ဂိုးစီ သရေရလာဒ်နဲ့သာ ကျေနပ်ခဲ့ကြရပါတယ်။

မန်ယူဟာ ပထမပိုင်း အစမှာတော့ မာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်း ပြီးဆုံးခါနီးမှာ ဒီဂီယာရဲ့ အမှားကနေတစ်ဆင့် ချေပဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ လက်ရှိရလာဒ်ကြောင့် မန်ယူရဲ့ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်မျှော်လင့်ချက်ဟာ ပိုမိုပြီးတော့ မှေးမိန်သွားခဲ့ရပါပြီ။

ဒါပေမယ့် နည်းပြဆိုးရှားကတော့ ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ အမှားတွေ ဆက်တိုက် ပြုလုပ်နေခဲ့တဲ့ ဒီဂီယာကိုတော့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

နောက်လာမယ့် ပွဲစဉ်တွေမှာ ဒီဂီယာရဲ့ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ သူက “ သူ့ကို ကျွန်တော် ချန်ထားခဲ့မှာ မဟုတ်ပါဘူး။ သူဟာ အသင်းရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် ရှိနေဆဲပါပဲ။ စီးတီးနဲ့ပွဲအပြီး သူ့ရဲ့ တုန့်ပြန်မှုတွေဟာ ကောင်းမွန်တယ်လို့ပဲ ဆိုရပါမယ်။

ကျွန်တော် သူ့အပေါ်မှာ ယုံကြည်မှု ရှိပါတယ်။ သူ့အနေနဲ့ သူဒီထပ် ပိုကောင်းတာကို လုပ်နိုင်မှာ သိပေမယ့် သူ နောက်တစ်ကြိမ် ထပ်မှားခဲ့ပါတယ်။ “ လို့ ပြောကြားသွားခဲ့တာပါ။

ဆိုးရှားကကပဲ “ ဒေးဗစ်ဟာ အသင်းအတွက် မယုံကြည်နိုင်စရာ စွမ်းဆောင်မှုတွေ ပေးနိုင်သူပါ။ ကျွန်တော်တို့ တစ်ဦးအတွက် တစ်ဦးက ရပ်တည်ပေးကြပါတယ်။ အမှတ်တွေ ဆုံးရှုံးရလို့ သူ့ကို ဘယ်လိုမှ အပြစ်တင်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့အနေနဲ့ အဲဒီဘောလုံးကို အမိဖမ်းသင့်တယ်ဆိုတာ သူသိပါတယ်။

ဒါပေမယ့် ဒါဟာ ဘောလုံး အားကစားပါ။ သူဟာ ပွဲတွေ ကစားနေချင်တဲ့ ကစားသမားတွေထဲက တစ်ဦးပါပဲ။ ကျွန်တော်သူ့နဲ့ စကားပြောပါဦးမယ်။ သူ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည်ပြီး တုန့်ပြန်ပြပါလိမ့်မယ်။ “ လို့ ဒီဂီယာဖက်ကပဲ ရပ်တည်သွားခဲ့ပါတယ်။