အင်္ဂလန်မီဒီယာ Sky Sports မှ အစီအစဉ်တင်ဆက်သူ ဂရေမီဆောင်းနပ်က မန်ယူမှာ လက်စွမ်းကျဆင်းနေတဲ့ စပိန်သားဂိုးသမား ဒီဂီယာ၊ တိုက်စစ်မှူးလူကာကူ တို့နဲ့ ပတ်သက်လို့ မန်ချက်စတာယူနိုက်တက် အသင်းကို သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။

ဒီဂီယာဟာ မန်ယူအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ (၄)ပွဲမှာ (၃)ကြိမ်အထိ အမှားလုပ်ခဲ့ပြီးနောက် ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် တိုက်စစ်သမား လူကာကူကလည်း သွင်းဂိုးပျောက်ဆုံးမှုတွေကြောင့် ဝေဖန်ခံရမှုကြီးတွေ ပိုင်ဆိုင်နေတဲ့ အနေအထားလည်းဖြစ်တယ်။

ချဲလ်ဆီးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ဆောင်းနက်စ်က မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီဂီယာကို ပွဲထွက်ခွင့်မပေးပဲ ချန်လှပ်ခဲ့မယ်ဆိုရင် အပြီးတိုင် ဆုံးရှုံးသွားရလိမ့်မယ်လို့ သတိပေးသွားခဲ့ပြီး လူကာကူရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာလည်း ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ဆောင်းနပ်က “ မန်ယူက ဒီဂီယာကိုသာ ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ရင် သူ့ကို အမြဲတမ်း ဆုံးရှုံးသွားရမယ်လို့ ထင်ပါတယ်။ စပိန်သား ဂိုးသမားကို ခေါ်ယူနိုင်ဖို့ တန်းစီစောင့်နေတဲ့ ဥရော ပအသင်းကောင်းတွေ ရှိနေပါတယ်။ အိုလီအနေနဲ့ သူ့ကို ပွဲထွက်လူစာရင်းက ချန်လှပ်ထားပြီး အခြားတစ်ယောက်ကို ပွဲထွက်ခွင့်ပေးလိုက်ရင် ကာလရှည် ပရိသတ်တွေ ယုံကြည့်ခဲ့သူကို ဆုံးရှူံးရမှာပါ။

မန်ယူဟာ ဂိုးသမားသစ်ကို ရှာဖွေရပါလိမ့်မယ်။ ဒါကြောင့် သတို့ အနေနဲ့ ဒီဂီယာကို ထိန်းထားရမှာပါ၊ ဘောလုံးလောကမှာ လေးစားမှုက အရေးကြီးတဲ့အရာပါ။ ပရိသတ်တွေက ဒီဂီယာကို ချစ်ကြတယ်ဆိုတာကို ပထမပိုင်းအပြီးမှာ တွေ့ရမှာပါ ” လို့ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဂရေမီဆောင်းနပ်က လူကာကူရဲ့ ခြေစွမ်းအပေါ် ချီးကျူးပြောဆိုခဲ့ပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုအတွက် လေ့ကျင့်ရေး အစီအစဉ်မှာ ဝိတ်မမှုတွေကို အပြင်းအထန် ပြုလုပ်ထားတာကြောင့် ပင်ပန်းလွန်းတဲ့ ပုံစံဖြစ်နေတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဂရေမီဆောင်းနပ် “ သူ့ပုံစံက ဝိတ်မမှုတွေကို အတော်လုပ်ထားပုံရတယ်။ အဲဒီပုံစံကိုတော့ အမြန်ဆုံးဖြေရှင်းသင့်တယ်။ သူ့ပုံစံက အသင်းသစ်တစ်သင်းမှာ အံ့မ၀င်တဲ့ ကစားသမားလောက် ဆိုးနေတာတော့ မဟုတ်သေးဘူး ” လို့ ပြောသွားခဲ့တာပါ။

မန်ယူဟာ ဒီဂီယာရဲ့အမှားကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ သရေတစ်မှတ်သာ ခွဲယူနိုင်ခဲ့ပြီး လက်ကျန် ၂ ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရာခိုင်နှုန်းအလွန်နည်းပါးသွားခဲ့ပါတယ်။