မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေဟာ အသင်းရလဒ်တွေ ဆက်တိုက် ကျဆင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာက နည်းပြမော်ရင်ညိုနေရာမှာ အသင်းတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆိုးလ်ရှား ယာယီ ကိုင်တွယ်စဉ် မန်ယူအသင်းဟာ ရလဒ်တွေကောင်းလာခဲ့ပြီး အသင်းယုံကြည်မှု မြင့်မားလာတာကိုလည်းတွေ့ရပါတယ်။

ကွန်တီဟာ မန်ယူအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း အင်္ဂလန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မန်ယူဟာ မော်ရင်ညိုကို ထုတ်ပယ်လိုက်ပြီးနောက် ချယ်ဆီးနည်းပြဟောင်း ကွန်တီ နည်းပြသစ် ဖြစ်လာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ကွန်တီဟာ ချယ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ကွန်တီဟာ လာမယ့်နှစ် ဘောလုံးရာသီမှာ နည်းပြ လောကထဲကို ပြန်ဝင်လာဖို့ ရှိနေပါတယ်။ ကွန်တီကို ခေါ်ယူဖို့စီးရီးအေ အသင်းကြီးတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ရိုးမားကလည်း စိတ်ဝင်စားနေကြောင်း အီတလီသတင်းစာတွေက ရေးသားနေပါတယ်။

ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ် မန်ယူအသင်းကို ၁၇ ပွဲ နည်းပြခဲ့ရာမှာ ၁၄ ပွဲ အနိုင်ရခဲ့ပါတယ်။ ရလဒ်တွေ တောက်လျှောက် ကောင်းလာခဲ့ပြီးနောက် မန်ယူအသင်းတာဝန်ရှိသူတွေက မတ်လထဲမှာ ဆိုးလ်ရှားကို အမြဲတမ်း နည်းပြအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။

မန်ယူအမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပြီးနောက် အသင်းရလဒ်တွေ အံ့အားသင့်စရာ ကောင်းလောက်အောင် ကျဆင်းခဲ့ပါတယ်။ မန်ယူဟာ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၇ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူနည်းပြဆိုးလ်ရှားဟာ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုထားပေမယ့် ရလဒ်တွေ ထပ်ဆိုးနေမယ်ဆိုရင် နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ဘူးဆိုရင် သူ့အနာဂတ်က တိတိကျကျ ပြောလို့မရပါဘူး။