မန်ယူနဲ့ ပက်သက်လာရင် စိတ်ထဲရှိတဲ့အတိုင်း ဒဲ့တိုး ပြောတတ်တဲ့ မန်ယူ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းအပါအဝင် ဝေဖန်သူတွေကို ပေါ့ဘာဘက်က ပြန်လည်ချေပလာပါတယ်။

အဲဗာတန်ကို လေးဂိုးပြတ် ရှူံးနိမ့်ပြီးနောက် မန်ယူဟာ ဂွတ်ဒီဆင်ပက်ခ်အထိ လာအားပေးတဲ့ ပရိသတ်တွေအပေါ် လေးစားမှုမရှိဘူးလို့ ပေါ့ဘာက ဝေဖန်ပြောဆိုခဲ့ပါတယ်။

သူ့စကားကို ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက မယုံကြည်ပဲ ရင်ထဲကလာတဲ့ စကားမျိုး မဟုတ်ဘူးလို့ နင့်နင့်သီးသီး တုံ့ပြန်ခဲ့တာပါ။

ကိန်းက – “ပေါ့ဘာ ပြောတဲ့စကားတစ်ခွန်းကို ကျနော် မယုံပါဘူး။ သူပြောတာတွေက အဓိပ္ပါယ်မရှိဘူး။ သူကိုယ်တိုင်တောင် ယုံမယ်လို့ ကျနော်မထင်ဘူး။ သူက တကယ့်ပြသနာကြီးပါပဲ။ ကိုယ်က ခံစစ် ကစားနေတဲ့အခါ အနောက်ကို ပြန်ပြေးရတယ်။ အဲဗာတန်နဲ့ ပွဲပြီးတော့ ဒါက နည်းနည်း ဒေါသဖြစ်စရာကောင်းတယ်လို့ သူ ပြောခဲ့တယ်။

သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဆံပင်လိမ်းတဲ့ ဂျယ်လ်တွေနဲ့ ပစ်ပေါက်နေကြတယ်လို့ ကျနော်ကြားခဲ့တယ်။ ဒေါသဖြစ်စရာ ကောင်းတယ် ဆိုတာ အဲ့ဒါကို ပြောတာနေမှာပါ။ ” လို့ ပေါ့ဘာကို ပြောခဲ့တာဖြစ်ပါတယ်။

ပေါင် ၈၉ သန်း တန် အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ အားလုံးက အာရုံစိုက်ခြင်း အခံရဆုံးသူ ဖြစ်ခဲ့တာပါ။ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းကန် နေရတာတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်တာကို သူနားလည်ထားပေမယ့် ဝေဖန်မှုတွေနဲ့ ပြိုင်ဆိုင်ငြင်းခုံဖို့တော့ စိတ်မပါဘူးလို့ ပေါ့ဘာက ဆိုပါတယ်။

“ဒါက ပြသနာမဟုတ်ပါဘူး။ ကင်မရာရှေ့မှာ ဒီလိုတွေပြောဖို့ သူတို့ (ဘောလုံးသုံးသပ်သူတွေ)ကို ပိုက်ဆံပေးထားတာ။ ကျနော်ကတော့ ကွင်းထဲက ကိစ္စတွေပေါ်မှာပဲ အာရုံ စိုက်ထားပါတယ်။ သူတို့ပြောချင်ရာ ပြောနိုင်တယ်။ ဒါအတွက် သူတို့ ပိုက်ဆံရတယ်လေ။ အဲ့လိုတွေပြောဖို့ ကျနော့်ကိုတော့ မပေးထားဘူး။ ကွင်းထဲမှာ အသင်းအတွက် တိုက်ပွဲဝင်ဖို့ပဲ ကျနော့်ကို ပိုက်ဆံပေးထားတာ။ ဒါပါပဲ။ ” လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး စကားလုံးတိုက်ပွဲတွေကို ရှောင်ဖို့ အလိုရှိနေသလို ပေါ့ဘာရဲ့အနာဂတ်က မန်ယူကနေ စွန့်ခွာနိုင်တယ် ဆိုပြီး ထင်ကြေးတွေလဲ ရှိနေပါတယ်။

ပေါ့ဘာကို အလိုရှိနေပြီး နွေ အပြောင်းအရွှေ့ ဈေးကွက်မတိုင်ခင် အင်္ဂလန်က အခြေအနေကို စောင့်ကြည့် နေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်ဟာ ထိပ်ဆုံးက ပြေးနေတာဖြစ်ပါတယ်။