အငှားလာရောက် ကစားနေတဲ့ ဒန်းနစ်ဆွာရက်စ်က ဒဏ်ရာကြောင့် ရာသီကုန်ထိ မကစားနိုင်တော့ကြောင်း ကြားရချိန်မှာ ဂန်းနားပရိသတ်များ ဒေါသထွက်ခဲ့ကြပြီး အဆိုးဆုံးခေါ်ယူမှု ဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြကြောင်း လန်ဒန်အခြေစိုက် သတင်းများမှာ ဖော်ပြလာပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ လာမယ့်နွေရာသီမှာ ၄င်းရဲ့အသင်းအတွက် ကမ္ဘာ့အဆင့် ခံစစ်မှူးတစ်ဦးကို အလိုရှိကြောင်း တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။ လက်စတာမှ ဟယ်ရီမက်ဂွားရား၊ စပါးမှ တိုဘီအယ်လ်ဒါဝီလ်၊ ချယ်ဆီးမှ ကာ့ဇူးမား၊ ဂီတာဖေးမှ ဒီဂျီနီ ဒါကိုနန် အစရှိတဲ့ ခံစစ်မှူးတွေဟာ လာမယ့်အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း ခေါ်ယူလိုတဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ဇာခါက လက်ကျန်ပရီးမီးယားလိဂ် ၂ ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရယူရေးက ပိုမို အရေးကြီးကြောင်း ပြောကြားလိုက်ပါတယ်။

အာဆင်နယ် အရန်ဂိုးသမား မာတီနက်ဇ်က အသင်း နံပါတ် ၁ ဂိုးသမား လီနိုနဲ့ အတူ ယှဉ်ပြိုင်ဖို့အတွက် ပွဲကစားခွင့် အခွင့်အရေး မပေးနိုင်ဘူးဆိုရင် လာမယ့်နွေမှာ အသင်းက ထွက်ခွာခွင့် ပြုဖို့ အမ်မရီကို တောင်းဆိုထားပါတယ်။

ပီအက်ဂျီအသင်းရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ပဲရစ်အခြေစိုက်ကလပ်မှာ အချုပ်ကျတဲ့ အနေအထားကို ရင်ဆိုင်နေရတယ် လို့ ကစားသမားရဲ့ အေဂျင့်နဲ့ သူ့ရဲ့မိခင်က ပြောဆိုပေမယ့် စပိန်ကလပ်ကို ပြောင်းမှာ မဟုတ်ကြောင်း သတင်းပေးလာပါတယ်။

အာဆင်နယ်ဟာ ပီအက်စ်ဂျီအသင်းမှ ပေါင် ၁၇ သန်းတန် လူငယ် ကွင်းလယ်ကစားသမား Christopher Nkunku ကို ခေါ်ယူဖို့ ချိတ်ဆက် ဆွေးနွေးမှုများ စတင်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်၊ ယူနိုက်တက်၊ တော့တင်ဟမ်တို့ဟာ လက်စတာကွင်းလယ်လူ ယူရီတိုင်းလမန်းစ်ကို အပြိုင် ခေါ်ယူလိုနေကြ ပါတယ်။ အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံသား တိုင်းလမန်းစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ပြင်သစ်ကလပ် မိုနာကိုအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတာ ဖြစ်ပေမယ့် ၄င်းရဲ့ခြေစွမ်းကြောင့်အသင်းကြီးတွေက မျက်စိကျလာတာပါ။ ၄င်းရဲ့လက်ရှိတန်ကြေးဟာ ပေါင်သန်း(၄၀)ဝန်းကျင်ခန့် ရှိပါတယ်။