ဒီရာသီဟာ မန်ယူအတွက် အရာရာအားလုံးဟာ မျှော်လင့်ချက်ကုန်ဆုံးလုနီးပါး ဖြစ်နေပါပြီ။ ဆုဖလားမျှော်လင့်ခွင့် ကုန်ဆုံးသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း မှေးမှိန်လာနေပါတယ်။

မန်ယူဟာ လက်ကျန်ပွဲစဉ် (၂) ပွဲလုံးကို အသင်းငယ်လေးတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ဆိုးရှားအနေနဲ့ အရှုံးထဲက အမြတ်တစ်ခု ရယူနိုင်ဖို့ ကြိုးစားသင့်ပါပြီ။ လူငယ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ မေဆင်ဂရင်းဝုဒ်နဲ့ တာဟစ်ချောင်တို့ကို စီနီယာအသင်းအတွက် အသုံးချဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယခုနှစ်ရာသီမှာ လူငယ်အသင်းအတွက် တကယ့်ကို ခြေစွမ်းတွေ တောက်ပနေသူပါ။ သူဟာ ဆိုးရှားလက်ထက်မှာ စီနီယာပွဲဦးထွက် ကစားခွင့်တော့ ရခဲ့ပြီးပါပြီ။ ဒါပေမယ့် ဂရင်းဝုဒ်ဟာ ပွဲထွက်လူစာရင်းမှာတော့ ပါဝင်ခွင့် မရခဲ့သေးပါဘူး။ ရာသီသိမ်း တိုက်ပွဲတွေမှာ ဂရင်းဝုဒ်အနေနဲ့ ရာသီကြိုပွဲစဉ်တွေထပ် ပိုမိုကြီးမားတဲ့ အတွေ့အကြုံတွေ ရယူနိုင်မှာ ဖြစ်နေတာကြောင့် သူ့ကို အခွင့်အရေး ပေးသင့်နေတာပါ။

ဂရင်းဝုဒ်တင် မကသေးပါဘူး။ တောင်ပံတိုက်စစ်ကစားသမား တာဟစ်ချောင်ဟာလည်း အခွင့်အရေးရသင့်သူပါ။ သူဟာ ဇန်န၀ါရီလထဲမှာ အသင်းအတွက်တော့ ပွဲထွက်ခွင့် ရခဲ့ပြီးပါပြီ။ ဒါပေမယ့် သူ့ရဲ့ စီနီယာအသင်း ပွဲထွက်ခွင့်တွေဟာ နည်းပါးခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်ဟာ သူ့ကို အခွင့်အရေးပေးဖို့ နောက်မကျသေးတဲ့ အချိန်ပါပဲ။

မန်ယူဟာလည်း နောက်ရာသီအတွက် တောင်ပံတိုက်စစ် ကစားသမား လိုအပ်နေပါတယ်။ ဒါကြောင့် ချောင်အနေနဲ့ သူဘာလုပ်နေတယ်ဆိုတာ ပြသဖို့ အခွင့်အရေးတစ်ခုရဖို့ ထိုက်တန်ပါတယ်။ ဆိုးရှားအနေနဲ့ ဒီလူငယ်လေးတွေကို ပွဲပြီးခါနီးမှ မဟုတ်ပဲ ပွဲစကတည်းက ကစားဖို့ အခွင့်အရေး ပေးသင့်နေတာပါ။

ချောင်နဲ့ ဂရင်းဝုဒ်သာ ပုံမှန်ပွဲထွက်ခွင့် ရယူနိုင်တဲ့အထိ ခြေစွမ်းကောင်းမွန်လာပါက ယူနိုက်တက်အတွက် ပြောင်းရွေ့ကြေး သန်းပေါင်းများစွာ သက်သာလာဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် နည်းပြကြီး ဆိုးရှားဟာ ဒီဆုံးဖြတ်ချက်ကို တွေဝေခြင်းမရှိပဲ ချသင့်နေတာပါ။

ဆိုးရှားအနေနဲ့ လူငယ်တွေကို အခွင့်အရေး ပေးခဲ့ပေမယ့် တွေဝေမှုအချို့တော့ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့အနေနဲ့ အပြောင်းအလဲတစ်ခု လုပ်ကြည့်ဖို့တော့ အခွင့်အရေး ရှိနေဆဲလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။