မန်ချက်စတာယူနိုက်တက် ဖလားမဲ့ရာသီ နှစ်ရာသီဆက် ဖြစ်ခဲ့ရတာ အတွက် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုကို ကစားသမားတွေကပဲ ခံယူသင့်ပါတယ်လို့ ပြောဆိုသူက ကွင်းလယ်လူ ဟာရဲရားပါ။

မန်ယူက ဒီရာသီ ဆုဖလားလက်မဲ့အဖြစ် ဖြတ်သန်းရမှာဖြစ်ပြီး နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အဆင့် ၄ ၀င်ဖို့တောင် မရေရာတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ဟာရဲရားက ဒီရာသီမှာ မန်ယူအသင်းသားတွေက အမှတ်ပေးဖလား စိန်ခေါ်ဖို့အတွက် လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ ဝန်ခံလိုက်ပြီး အဲ့သည့်အတွက် တာဝန်ခံရမယ့်သူတွေက ကစားသမားတွေ ကိုယ်တိုင်ပဲလို့ သတိပေးလိုက်တာပါ။

” ကျနော် တစ်ဦးချင်းအနေနဲ့ စကား မပြောချင်ပါဘူး။ အသင်းလိုက် အနေနဲ့သာ ပြောချင်တယ်။ ဘောလုံးက အသင်းလိုက် ကစားရတဲ့ အားကစားနည်းပါ။ ကစားသမားတွေ အနေနဲ့ ဒီရာသီ အခြေအနေကို ပြန်လည်း ဆန်းစစ် သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။

ကျနော်တို့ စိတ်ပျက် ဒေါသထွက်နေရတယ်။ မော်ရင်ညို ရာထူးက ထုတ်ခံခဲ့ရတာလည်း ကျနော်တို့ တာဝန် မကင်းပါဘူး။ ကျနော်တို့မှာလည်း တာဝန်ရှိတယ်။

ကလပ်အသင်း အောင်မြင်ဖို့က မန်နေဂျာနဲ့ ၀န်ထမ်းတွေတင် ပြီးတဲ့ ကိစ္စ မဟုတ်ဘူး။ ကစားသမားတွေမှာ တာဝန်ကြီးကြီး ရှိတယ်။

ကျနော့် အမြင်တော့ အသင်းအတွက် ဘောလုံးရာသီတိုင်း ရည်မှန်းချက်က ချန်ပီယံ ဆုတွေ အတွက် တိုက်ပွဲ ၀င်ရမယ်။ ကျနော်တို့ အသင်း အတွက် လုပ်မပေးနိုင်ရင် ကစားသမားတွေ အနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုနေပြီ။” လို့ ဟာရဲရားက ပြောကြားခဲ့တာပါ။