မန်ယူပရိသတ်တွေရဲ့ အချစ်တော် စပိန်သား ကွင်းလယ်ကစားသမား ဟာရဲရား ဘောလုံးရာသီ အကုန်မှာ ထွက်ခွာတော့မယ်လို့ မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်းမှ တရားဝင် ကြေငြာသွားပါတယ်။ ကြေငြာချက်နဲ့ အတူ ဟာရဲရားရဲ့ ပရိသတ်တွေအတွက် နှုတ်ဆက်စကား အခုလို ပါရှိခဲ့တာပါ။

” ငါ့နှလုံးသားထဲမှာ အနီရောင်တွေပဲ ရှိတယ်.. ဒါကို ဒီမှာ ပထမဆုံး စတင် ကစားတည်းက သိခဲ့တယ်။ ဒီအနီရောင် ဂျာစီကို စတင် ၀တ်စဉ်တည်းက ကို သိခဲ့တယ်။ ပရိသတ်ထောင်ပေါင်းများစွာ အားပေးတဲ့အသင်း.. အစွမ်းကုန်ပေးဆပ် ကစားတဲ့ ကစားသမားတွေကို လေးစားမှု အသိမှတ်ပြုမှု ရှိတဲ့အသင်းပဲ။ ”

” ကျနော့်နာမည်ကို ပရိသတ်တွေ သံပြိုင် ဟစ်ဆိုတဲ့ အခါတိုင်း ကျနော် ထူးရှယ် ခံစားမှုကို ရရှိခဲ့တယ်။ ကလပ်အသင်းရဲ့ ဒီလို ခမ်းနားတဲ့ သမိုင်းကြောင်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရလို့ ကျနော် သိပ် ဂုဏ်ယူမိပါတယ်။

ဒီကလပ်အသင်းအတွက် ကိုယ်စားပြုရတဲ့ အခါတိုင်း၊ ပွဲတိုင်း၊ ရှုံးသည် ဖြစ်စေ နိုင်သည် ဖြစ်စေ၊ ကျနော် မြက်ခင်းပြင်နဲ့ ထိရသည်ဖြစ်စေ မထိရသည် ဖြစ်စေ ကလပ်အသင်းဟာ ဘယ်လို အဓိပ္ပါယ်မျိုးနဲ့ ရှိနေလဲဆိုတာ ခံစား သိမိနေခဲ့တယ်။”

” မန်ချက်စတာဂျာစီနဲ့ ကျနော် ကစားခဲ့ဖူးတဲ့ ပွဲ ၂၀၀ နီးပါး ပွဲတိုင်းကို ကျနော် အမြဲ အမှတ်ရနေမှာပါ။ ဘာဖြစ်လို့လည်းဆိုတာ အင်္ဂလန်မှာ အခမ်းနား အကြီးကျယ်ဆုံး ကလပ်အသင်းအတွက် ကစားပေးရတဲ့ အခိုက်အတန့်တိုင်းက တကယ်ကို ဂုဏ်အသရေ အပြည့်နဲ့မို့ပါ။ အံ့အားဖွယ် ခမ်းနားတဲ့ ၅ နှစ်တာ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ” လို့ ဟာရဲရားက ပြောကြားထားပါတယ်။