ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဟာဇက်က အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ျက် ချထားပြီး ဖြစ်ကာ အသင်း တာဝန်ရှိ သူတွေကိုလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး လန်ဒန်ကလပ်ကနေ ထွက်ခွာမယ့် အကြောင်း သိသိသာသာ ပြောကြားလိုက်ပါတယ်။

ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ကလည်း တစ်ရာသီလုံး ဆက်သွယ် ချိတ်ဆက်မှုများ ရှိထားပြီး ဘယ်လ်ဂျီယံသားကလည်း ၂၀၂၀ မှာကုန်ဆုံးမယ့် ချယ်ဆီးအသင်းနဲ့ သူ့စာချုပ်ကိုလည်း သက်တမ်းတိုးခြင်း မပြုတော့ဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။ မနေ့က လက်စတာနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲက ဟာဇက် အတွက် ချယ်ဆီးအသင်းနဲ့ လိဂ်ပွဲ နောက်ဆုံးပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

“ပြီးခဲ့တဲ့ အပတ်တွေကတည်းက ကျနော် ပြောခဲ့ပါတယ်။ အခြေအနေတွေ တိုးတက်လာဖို့အတွက် အခုအထိ စောင့်နေဆဲပါ။ ကျနော် ဘာ ဆက်လုပ်မလဲ ဆုံးဖြတ်ချက် ချပြီးပါပြီ။ ဒါဟာ ကျနော့် တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရဖို့ရှိပါတယ်။ အဲ့ပွဲပြီးရင် ဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့။ ”

” ကျနော် လိုချင်တဲ့အခြေအနေတွေ ဖြစ်မလာခဲ့ပါဘူး။ ပရိသတ်တွေအားလုံး စောင့်နေသလိုပဲ ကျွန်တော်လည်း စောင့်နေဆဲပါ” လို့ ဟာဇက်က ပြောကြား ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့တာကြောင့် နောက်နှစ် ချန်ပီယံလိဂ်ကို တိုက်ရိုက် ၀င်ခွင့်ရရှိခဲ့ပြီး လာမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ရခဲ့ပါက ဆုဖလားတစ်လုံးလည်း ရရှိမှာပါ။ ဒါပေမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲက သူ့ကို အသင်းမှာ ထိန်းသိမ်းနိုင်ရန်အတွက် လုံလောက်မှု မရှိကြောင်း ဟာဇက်က ၀န်ခံခဲ့ပါတယ်။

” ကျနော်တော့ အဲ့လိုမထင်ပါဘူး။ ကျနော် အစောကြီးကတည်းက ဆုံးဖြတ်ချက် ချပြီးပါပြီ။ ဒါပါပဲ။ ” လို့ ဆိုခဲ့တာပါ။

ဟာဇက်ဟာ ၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီ ဂိုးဖန်တီးမှုအများဆုံး Play Maker ဆု ကိုလည်း ၁၅ ဂိုး ဖန်တီးမှုဖြင့် ရရှိခဲ့ပါတယ်။ ချယ်ဆီးအသင်း ပရိသတ်တွေကတော့ နောက်ဆုံးပွဲနေ့မှာ ပွဲကြည့်စဉ်ကနေ စာတမ်းများ ကိုင်ဆောင်ကာ ဟာဇက် အသင်းမှာ ဆက်နေဖို့ တောင်းဆိုခဲ့ကြပါတယ်။