မန်ယူမန်နေဂျာ ဆိုးရှားက လာမယ့်နှစ်မှာ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်မှာဖြစ်ပြီး အငှားချထားတဲ့ လူငယ်ကြယ်ပွင့်အချို့ကိုလည်း စီနီယာအဆင့်အတွက် နေရာပေးမယ်လို့ သတိပေးစကား ပြောလာခဲ့ပါတယ်။

မန်ယူအသင်းကို ဆိုးရှားက ပြောကြားရာမှာတော့ “ အခြားသော နယ်ပယ်တွေမှာ ဘောလုံးရာသီ တစ်ရာသီအပြည့် သွားကစားကြတာဟာ လူငယ်လေးတွေအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူတို့အတွက် အကောင်းဆုံးကတော့ ဒီမှာရှိနေပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ နေ့စဉ်တိုင်းမှာ အတူလေ့ကျင့်ခန်းဆင်းတာပါ၊

ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ဟာ အကောင်းဆုံးလူငယ်တွေကို မွေးထုတ်ပေးခဲ့တဲ့ သမိုင်းကြောင်း အစဉ်အလာရှိထားပါတယ်။ အခုချိန်မှာ ကလပ်အသင်းကနေ တစ်ရာသီလောက် အခြားသော ပြင်ပကလပ်တွေကို အငှားထွက်ကားပြီး အတွေ့အကြုံ ပိုမိုရင့်ကျက်လာတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါပြီ။

အငှားကနေ ပြန်လာမယ့် အဲဒီကောင်လေးတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာကို ဆုံးဖြတ်သွားမလဲဆိုတာကို ကြည့်ကြတာပေါ့။ ကစားသမား တော်တော်များများကတော့ ဒီမှာပဲ နေခဲ့ပြီး နောက်တစ်နှစ်မှာ အခွင့်အရေး ရလာမှာပါ ” လို့ ဆိုခဲ့ပါတယ်။

မန်ယူရဲ့ လူငယ်တွေထဲမှာ မေဆန်ဂရင်းဝုဒ်၊ တာဟစ်ချောင်နဲ့ ဂိုးမက်စ်တို့ကလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသူတွေအဖြစ် နာမည်ရလာတယ်။ ကွင်းလယ်လူ တော်မီနေးဟာ စီနီယာပွဲထွက်ခွင့်ကိုတောင် စတင်ကာ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။