ဟယ်သာဘာလင်မှာ အငှား သွားရောက် ကစားပြီး ခြေစွမ်းပြနေတဲ့ လီဗာပူးကွင်းလယ်ကစားသမား မာကို ဂရူဂျစ်က နောက်ရာသီမှာလည်း ဘွန်ဒစ်လီဂါကလပ်မှာ ဆက်နေဖို့ စိတ်အားထက်သန်နေပါတယ်။

လီဗာပူးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားရောင်းချခြင်းမှ ပေါင်သန်း (၁၀၀) အထိ ရရှိဖို့ မျှော်လင့်နေပါတယ်။ လီဗာပူးအသင်းဟာ မစ်ဂ်နိုလတ်၊ ကလိုင်း၊ ကမာချို၊ ဂရူဂျစ်၊ ဟယ်ရီဝီလ်ဆင်၊ ရိုင်ယန်ကန့်တို့ကို ရောင်းချဖို့ ပြင်ဆင်ထားပြီး အခြားသော နာမည်ကြီး ကစားသမားအချို့ကိုလည်း ရောင်းချဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမီနိုကို ပြင်သစ် လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီနည်းပြ သောမတ် တူချယ်က ဖာမီနိုကို သဘောကျသူ ဖြစ်ပြီး ၄င်း နောက်ရာသီ ပီအက်စ်ဂျီမှာ ဆက်ရှိဖို့တော့ မသေချာသေးပါဘူး။

လီဗာပူး လူငယ်ကစားသမား Bobby Adekanye က လာမယ့် ဘောလုံးရာသီမှာ လာဇီယိုအသင်းထံ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပြီး လီဗာပူး အသင်းသားတွေနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်စကား ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးကင်းထောက်တွေဟာ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် ဖြစ်တဲ့ လိုင်ယွန်နဲ့ မာဆေးပွဲကို သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ အဆိုပါပွဲ တက်ရောက် ကြည့်ရှုရခြင်းက အိုရေး၊ ဒီပေးနှင့် အမ် ဒွမ်ဘီလီ အစရှိတဲ့ လိုင်ယွန် ကစားသမားတွေ ရဲ့ ခြေစွမ်းကို သွားရောက်လေ့လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးအသင်း ဒီရာသီ အားထုတ်မှုများနဲ့ ခြေစွမ်းအရ ဆုဖလား ရသင့်ကြောင်း ကွင်းလယ်ကစားသမား ၀ိုက်နယ်ဒန်က ပြောကြားလိုက်ပြီး ချန်ပီယံလိဂ်ဖလားကလည်း လီဗာပူးအသင်းနဲ့ ထိုက်တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ဟာ လာမယ့် ဘောလုံးရာသီမှာ VAR စနစ်ကို စတင်ကာ ကျင့်သုံးသွားမှာဖြစ်ပေမယ့် အဆိုပါ စနစ်မှာ အရေးကြီးတဲ့ ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ပွဲကစားနေစဉ်မှာ အသင်းသားတွေဟာ အငြင်းပွာဖွယ် ဆုံးဖြတ်ချက်ဖြစ်လာတဲ့အခါ VAR စနစ်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြောင်း လက်ဟန်ခြေဟန် အမူအရာနဲ့ ဖိအားပေးခဲ့မယ် ဆိုရင် အဝါကတ် ပြသခံရမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် လက်အောက်မှာ အကောင်းဆုံး ပွဲထွက်လူစာရင်းကို စတင်တည်ဆောက်နိုင်နေပြီး နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှု နှစ်ခုကို ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် ပြီးပြည့်စုံတဲ့ အသင်းဖြစ်သွားမယ်လို့ ဒေသခံသတင်းဌာနတွေက ထောက်ပြနေကြပါတယ်။