လာမယ့်ရာသီမှာ မန်ယူအသင်း ဝတ်ဆင်ကစားမယ့် အိမ်ကွင်းဂျာစီတွေကို ဒီကနေ့မှာပဲ ကလပ်အသင်းက ဖော်ပြခဲ့ပြီဖြစ်ပါတယ်။ ဂျာစီထဲမှာ ပါဝင်တဲ့ ထူးခြားချက် အနည်းငယ်ကို ဖော်ပြပါမယ်။

ရာသီသစ်အတွက် ဝတ်ဆင်ကစားမယ့် မန်ယူအသင်းရဲ့ ဂျာစီဟာ ဆုဖလားသုံးလုံး အနိုင်ရခဲ့တဲ့ ၁၉၉၉ ခုနှစ်က ဂျာစီကို ပြန်လည် အသက်သွင်းခြင်းပါ။ မန်ယူအသင်းဟာ အင်္ဂလန်အသင်းတွေထဲမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ် ဖလားသုံးလုံးကို တစ်ရာသီတည်း တစ်ပြိုင်နက် အနိုင်ရတဲ့ တစ်သင်းတည်သော အသင်းဖြစ်ပါတယ်။

ဂျာစီရဲ့ လက်မောင်းစပွန်ဆာ အောက်ခြေနားမှာ မတူညီတဲ့ ’90+1′ နဲ့ ’90+3′ ဆိုတဲ့ ဂဏန်း အမှတ်အသားတွေ ပါဝင်မှာနေပါတယ်။ အဆိုပါ အမှတ်အသားတွေဟာ ကလပ်အသင်း ဂန္တဝင်တွေဖြစ်တဲ့ ရှာရင်ဂမ်နဲ့ ဆိုးရှားတို့ ၁၉၉၉ ခုနှစ်က ဘာစီလိုနာကွင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို အနိုင်ဂိုးတွေ သွင်းခဲ့တဲ့ မိနစ်တွေကို ကိုယ်စားပြုမှာဖြစ်တယ်။

ဂျာစီရဲ့ အောက်ခြေဖြစ်တဲ့ ခါးချုပ်ရိုးမှာ ပါဝင်တဲ့ ရက်စွဲတွေကတော့ အက်ဖ်အေဖလားမှာ နယူးကာဆယ်ကို အနိုင်ရတဲ့ ရက်စွဲ၊ စပါးကို အနိုင်ရပြီး အမှတ်ပေးဖလား အနိုင်ရတဲ့ ရက်စွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူနစ်ကို အောင်နိုင်တဲ့ ရက်စွဲတွေ ဖြစ်ပါတယ်။

အိမ်ကွင်းဂျာစီကိုတော့ မန်ယူအသင်းရဲ့ အစဉ်အလာအတိုင်း အနီရောင်ကို အသားပြုပြီး အဖြူရောင်နဲ့ အနက်ရောင်တွေလည်း ပေါင်းစပ်ထားပါတယ်။ ဒီဂီယာဝတ်ဆင်ရမယ့် ဂိုးသမားဂျာစီဟာ ၁၉၉၉ ခုနှစ်မှာ ဂိုးသမားကြီး ရှမိုက်ကယ် ဝတ်ဆင်ခဲ့တဲ့ ခရမ်းရောင် ဗြောင်အသားဂျာစီကို ပြန်လည်ကာ ဒီဇိုင်းထွက် ချုပ်လုပ်ထားခြင်း ဖြစ်ပါတယ်။