ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတိုင်းက အလိုရှိနေတဲ့ ဖူလ်ဟမ်အသင်းမှ ဆယ်ကျော်သက် ဘယ်ခြမ်းကစားသမား ဆက်ဆက်နွန်အတွက် တရားဝင် ကမ်းလှမ်းမှုတစ်ခုကို မန်ယူအသင်းက ဒီမနက်မှာပဲ ပြုလ်ုပခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဥရောပ အတောက်ပဆုံး ဆယ်ကျော်သက်တွေထဲ ပါဝင်လာပြီး ထိပ်သီးအသင်း အများအပြားက စိတ်ဝင်စားခြင်း ခံနေရတဲ့ ဆက်ဆက်နွန်အတွက် ပထမဆုံး ချဉ်းကပ်မှု ပြုလုပ်လိုက်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာ ရာသီကုန်ရင် တန်းဆင်းဖို့ အခြေအနေကို ရောက်ပေမယ့် အင်္ဂလန်လူငယ်လေးရဲ့ အနာဂတ်က မသေချာသေးပဲ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိလိုနေမယ်လို့ ယူဆရပြီး သူ့ကို ခေါ်ယူလိုရင် ပေါင် ၂၅ သန်း ပေးရမှာဖြစ်တယ်။ မန်ယူဟာ ပရီးမီးယားလိဂ်ခြံပေါက် ကစားသမား အင်အားဖြည့်ဖို့ လိုနေခြင်းကလည်း အရေးပါတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့တယ်။

ကစားသမားနဲ့ ဖူလ်ဟမ်ကြားမှာ စာချုပ်အားဖြင့် တစ်နှစ်ပဲ ကျန်ရှိတော့ပြီး လာမယ့် ဇန်နဝါရီဆိုရင် ဆက်ဆက်နွန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတင်ကာ ချိတ်ဆက်မှုတွေ လုပ်ခွင့်ရပါမယ်။ ကစားသမားဘက်ကတော့ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့တဲ့ ဖူလ်ဟမ်အသင်းမှာ တစ်ရာသီထပ်ကစားလိုခြင်း မရှိတော့ပါဘူး။

အင်္ဂလန်လက်ရွေးစင်အဆင့်ကို မပေါက်မြောက်သေးတဲ့ ဆက်ဆက်နွန်ဟာ ဒီရာသီမှာ ခြေစွမ်း မတည်ငြိမ်ပေမယ့် အလာအလာရှိသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ၂၀၀၀ ဖွား လူငယ်ကစားသမား ၈ ဦးထဲမှာ ပွဲထွက်ခွင့် အများဆုံးရထားသူ ဖြစ်ပါတယ်။