ဖာနန်ဒင်ဟိုက ကြာသပတေးနဲ့ သောကြာနေ့ အသင်း ထရိန်နင်များမှာ ပါဝင်ထားပြီး ယနေ့ည ၀င်ဘာလေမှာ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ကစားနိုင်မလား မသေချာသေးကြောင်း ဂွာဒီယိုလာက ပြောဆိုထားပါတယ်။

အက်သလက်တီကို အသင်းမှ ထွက်ခွာမယ် အတည်ပြုပြီး ဖြစ်တဲ့ ဂရစ္စမန်းဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့မယ် ထင်ထားခဲ့ကြပေမယ့် ကလပ်အသင်းများကြား သဘောတူညီမှု မရသေးပါဘူး။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မန်စီးတီးက ပြင်သစ်တိုက်စစ်သမားကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

ဂရစ္စမန်းရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၂၀၀ ဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ ယူရို သန်း ၁၂၀ သို့ ကျသွားမှာ ဖြစ်ပါတယ်။ ၄င်းကို ဘာစီလိုနာ ချိတ်ဆက်ထားတဲ့ အပြင် မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း အပြိုင် စိတ်ဝင်စားနေပြီး ဘာစီလိုနာကတော့ ကလပ်အသင်းတွေ အပြိုင် ဈေးပေး ခေါ်ယူတာမျိုး မလုပ်လိုတာကြောင့် နောက်ဆုတ်သွားဖွယ် ရှိနေပါတယ်။

အင်အားတောင့်တင်းပြီး အသင်း ဖြစ်ပေမယ့် စီးတီး မန်နေဂျာ ဂွာဒီယိုလာက ဒီအပြောင်းအရွှေ့မှာ ယခုထက် ပိုကောင်းတဲ့အသင်း ဖြစ်လာအောင် ငွေကြေးပမာဏ များများ သုံးစွဲကာ ကစားသမားကောင်းတွေ ခေါ်ယူမှု ပြုလုပ်ဦးမှာ ဖြစ်ပြီး အသင်းမှာ မလိုအပ်တဲ့ ကစားသမားတွေလည်း ရှင်းထုတ်ဦးမယ်လို့ ပြောကြားလိုက်ပါတယ်။

မန်ယူက လောင်းစတပ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ် ဆိုတဲ့ သတင်းများကို နယူးကာဆယ်အသင်းက ငြင်းဆန် လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူငယ်လေးကို မန်စီးတီးနဲ့ လီဗာပူးတို့ကလည်း ဒီနှစ်အစောပိုင်းမှာ မျက်စိကျခဲ့ပါတယ်။

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းက ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့တဲ့ လီဗာပူးကို စာနာစရာ မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးဟာ ၉၇ မှတ်ထိ ရအောင် အားထုတ်နိုင်ခဲ့ပေမယ့် အဆုံးမှာ မန်စီးတီးက ပိုကောင်းခဲ့လို့ ချန်ပီယံ ဖြစ်ခဲ့ကြောင်း ၄င်းက ဆိုပါတယ်။

ဆာနေးနဲ့ အသင်းကြား စာချုပ်သက်တမ်းက ၁၈ လသာ ကျန်တော့ပြီး မန်စီးတီးဟာ တိုက်စစ်သမားကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုများ စတင်ထားကြောင်း ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။