မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ဆုဖလားတွေ မရခဲ့သလို အသင်းသားတွေက တစ်ဦးချင်း ထူးချွန်ဆုတွေ မရခဲ့ကြပေမယ့် လက်ဗလာနဲ့ ရာသီ သိမ်းရတော့မှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်က ချီးမြှင့်တဲ့ ဆု တစ်ခုကိုရရှိခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ကွင်းမြက်ခင်းပြင်ကို မြင့်မားတဲ့ စံနှုန်းတွေနဲ့ အကောင်းဆုံ ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ “Premier League Grounds Team of the Season” ဆုကို ရရှိခဲ့ပါတယ်။

အဲဒီဆုကတော့ ကွင်း မြက်ခင်းထိန်းသိမ်းမှုအပိုင်းမှာ တစ်ရာသီလုံး အကောင်းဆုံး မြက်ခင်းပြင် ထိန်းသိမ်းနိုင်လို့ ရရှိတဲ့ဆု ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အသင်းသားတွေ အကောင်းဆုံး ကစားနိုင်ဖို့ အသင်းဝန်ထမ်းတွေဟာ သူတို့ တာဝန်ကို ကန့်လန့်ကာနောက်ကွယ်ကနေ ကျေပွန်ခဲ့လို့ ဒီဆုကို ရခဲ့တာပါ။

ဘောလုံးရာသီတလျောက် ကွင်းအနေအထား၊ အသုံးဝင်မှု၊ ပတ်ဝန်းကျင် စတဲ့ အချက်အလက်ပေါ် မူတည်ပြီး အမှတ်ပေးလာခဲ့ခြင်းဟာ အိုးထရက်ဖို့ဒ် မြက်ခင်း မန်နေဂျာ တိုနီ ဆင်ကလဲယားနဲ့ အဖွဲ့သားတွေအဖို့ သူတို့ အားထုတ်မှုအတွက် အသိမှတ်ပြုခြင်းခံရတဲ့ ဆု တစ်ခု ဖြစ်လာပါတယ်။

ရာသီတစ်ခု ကုန်ဆုံးပြီး ကစားသမားတွေက အားလပ်ရက်တွေ ရခဲ့ပြီဖြစ်ပေမယ့် မန်နေဂျာ တိုနီ ဆင်ကလဲယားနဲ့ အဖွဲ့သားတွေကတော့ လာမယ့်ရာသီတွေအတွက် အိုးထရက်ဖို့ဒ် မြက်ခင်းကို ဆက်လက် စောင့်ရှောက်နေကြဦးမှာ ဖြစ်ပါတယ်။