ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား တိုနီခရူးစ်ကတော့ မန်ယူကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာမယ် သတင်းကြီးနေတဲ့ ပေါ့ဘာကို လာလီဂါကလပ်မှာ သူရှိနေတာကြောင့် ပွဲထွက်ကစားခွင့်ရဖို့ဟာ လွယ်ကူမှာမဟုတ်ဘူးလို့ သတိပေးစကား ဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်က လာလီဂါကလပ်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါပြီ။ သူကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာ စပိန်မြေကို ပြောင်းလာရင် မက်ဒရစ်အခြေစိုက်ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့်ကို စိန်ခေါ်လာနိုင်ခြင်းတွေကို မတုန်လှုပ်ပါဘူးလို့ သတင်းစကား ပေးခဲ့ပါတယ်။

ခရူးစ်က ‘ ထိပ်တန်းကစားသမားတွေကို နှစ်သက်ပေမယ့် သူတို့က ကျနော်ကို အပြောင်းအလဲ မဖြစ်စေပါဘူး။ ဒီနှစ်တွေအတွင်း ကျနော်လုပ်တဲ့ အကောင်းဆုံးအလုပ်တွေကို ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါ။ ကောင်းကောင်းကစားပြီး ကျနော်ရဲ့ နေရာကို ထိန်းသိမ်းဖို့ဆိုတာက အကောင်းဆုံး အဆင့်မှာ ရောက်နေမယ်ဆိုရင် ကျနော်အတွက် ပြဿနာ မဟုတ်ပါဘူး ’ လို့ ပြောခဲ့တာဖြစ်တယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို သွေးသစ်လောင်းဖို့ ကြိုးစားနေပြီး ဟာဇက်၊ ပေါ့ဘာစတဲ့ ကစားသမားတွေကို အသင်းထံ ရောက်လာစေဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

ပေါ့ဘာကိုယ်တိုင်ကလည်း မော်ရင်ညိုနောက်ပိုင်း ယူနိုက်တက်မန်နေဂျာရာထူးကို ဆက်ခံတဲ့ ဆိုးရှားလက်အောက်မှာ ခြေစွမ်း မတည်ငြိမ်မှုတွေ ထွက်ပေါ်ထားတယ်။ သူကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အဖြူရောင်ဂျာစီကို ဝတ်ဆင်ကစားခွင့် ရဖို့က အိပ်မက်တစ်ခုအဖြစ် ထုတ်ပြောမှု လုပ်ထားပါသေးတယ်။