အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီးခဲ့ရင် မန်နေဂျာလောကထဲ ဝင်ရောက်လာမယ်လို့ ကြေညာလိုက်ပါတယ်။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အတွက် ကစားပေးနေတဲ့ ဝိန်းဟာ မေဂျာလိဂ်ကစားသမားဘဝ ဒုတိယမြောက် ဘောလုံးရာသီကို ကျော်ဖြတ်နေတာဖြစ်ပြီး ဒီစီယူနိုက်တက်အတွက် ၁၃ ပွဲ ကစားပေးပြီး ၇ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ သူဟာ လိဂ်ရဲ့ ဂိုးသွင်းအမြင့်ဆုံး တိုက်စစ်သမားစာရင်းမှာ တတိယနေရာက ရှိနေတာဖြစ်တယ်။

ဝိန်းက ” ကစားသမားဘဝ အနားယူရင် နည်းပြအဖြစ် ဝင်ရောက်ပါမယ်။ ကျနော်ရဲ့ဘဝ တစ်လျှောက်လုံးမှာ ဘောလုံးနဲ့ပဲ ပါဝင် ပက်သက်နေခဲ့တာပါ။ ဒါကပဲ ကျနော် နှစ်သက်ခဲ့တာဖြစ်ပြီး မန်နေဂျာတစ်ဦးအဖြစ် မလုပ်ကိုင်ခဲ့ရင် အရမ်းကို စိတ်ပျက်ဖို့ ကောင်းပါလိမ့်မယ်။ အောင်မြင်ဖို့လည်း မျှော်လင့်ထားပါတယ်။

ကစားသမားအများကြီးနဲ့ တွေ့ဆုံခဲ့ပြီး ပွဲတွေမှာ အသိဥာဏ်တွေ အများကြီး ရခဲ့တယ်။ မန်နေဂျာတစ်ယောက် မဖြစ်လာခဲ့ရင် စိတ်ပျက်ရမှာပါ။ ဒီတော့ ကျနော် လုပ်နိုင်တာကို လုပ်ဖို့ လိုပါတယ်။ အုပ်ချုပ်မှုနဲ့ပက်သက်ပြီး အမှတ်အသားတွေရဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ကစားခြင်းကနေ အနားယူတဲ့အခါ တစ်နေရာရာမှာ မန်နေဂျာအဖြစ် ကိုင်တွယ်ခွင့်ရဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုလိုက်တာဖြစ်တယ်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့မယ်ဆိုရင် နည်းပြလောကထဲ ဝင်ရောက်နိုင်ဖို့ရာ နည်းပြဆိုင်ရာ အသိအမှတ်ပြု လက်မှတ်တွေရဖို့ ကြိုးစားနေကြောင်း ပြောပြပါတယ်။