ပရီးမီးယားလိဂ်အသင်း အများအပြားမှ စိတ်ဝင်စားနေသည့် ပြင်သစ်ကွင်းလယ်လူ ဖာကီရာကို လာမယ့်ရာသီ လိုင်ယွန်ကနေ ထွက်ခွာခွင့်ပြုမယ်လို့ သိရပါတယ်။ လိုင်ယွန်းဥက္ကဌ အောလက်စ်က အသင်းခေါင်းဆောင် ဖာကီရာကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေအတွက် တံခါးဖွင့်ပေးလိုက်ပါတယ်။

၂၀၁၈-၁၉ ရာသီမတိုင်ခင်က ဖာကီရာဟာ လီဗာပူးကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိခဲ့သေးပြီး ကစားသမားရဲ့ ဒူးဒဏ်ရာ အခြေအနေကြောင့် လီဗာပူးဘက်က နောက်ဆုတ်ခဲ့တာဖြစ်တယ်။ ဒီရာသီမှာတော့ ပြင်သစ်သားကို ပရီးမီးယားလိဂ်ကလပ်တွေ အပြိုင်အဆိုင် ပြန်လည်ကာ ကမ်းလှမ်းလာနိုင်တယ်လို့ အောလက်စ်က ပြောပါတယ်။

အောလက်စ်က “ ရာသီကုန်ရင် အသင်းက အဓိကကစားသမား နှစ်ယောက်လောက် ထွက်ခွာသွားဖို့ ရှိနေပါတယ်။ ဖာကီရာနဲ့ အသင်းကြားမှာ နားလည်မှုယူထားပြီးသားဖြစ်လို့ သူထွက်သွားဖို့ အခွင့်အလမ်း များနေပါတယ်” လို့ ဆိုပါတယ်။

လိုင်ယွန်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဒမ်ဘီလီ၊ ကွင်းလယ်လူ အန်ဒွမ်ဘီလီ တို့ကို မန်ယူဘက်က စိတ်ဝင်စားနေသလို အန်ဒွမ်ဘီလီနဲ့ အော်ရေးတို့ကို မန်စီးတီးက စိတ်ဝင်စားနေတာပါ။ လီဗာပူးကလည်း ဖယ်ကီရာနဲ့ ဒီပေးကို စိတ်ဝင်စားနေပြီး အာဆင်နယ်က ဖယ်ကီရာကို စိတ်ဝင်စားထားပါတယ်။

လိုင်ယွန်ဟာ အဓိက ကစားသမားတွေကို ရောင်းထုတ်ပြီးရင် လူငယ်တွေနဲ့ အသင်းကို ပြန်လည်ကာ အားဖြည့်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကို တံခါးဖွင့်ပေးလိုက်တာကြောင့် ကမ်းလှမ်းမှုတွေ စတင်လာဖို့ ရှိနေပါတယ်။