လီဗာပူးမှာ ၁၀ နှစ်တာ ကာလအတွင်း စွမ်းဆောင်ရည်နဲ့ စိစစ်ချက် တာဝန်ခံ နေရာကနေ အားကစား ဒါရိုက်တာ အဆင့်အထိ မယုံနိုင်စရာ တိုးတက်ခဲ့ပြီးနောက် မိုက်ကယ် အတ်ဝပ်ဟာ ကလပ်ကို စွန့်ခွာတော့မယ်လို့ သိထားရပါတယ်။

အားကစား ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်း ပို့စ်မောက်ရဲ့ စိစစ်သူဟောင်းဟာ လီဗာပူး ကမ္ဘာ့ အကြီးမားဆုံးနဲ့ အကောင်းဆုံး အပြောင်းအရွှေ့ တချို့ကို လုပ်ဆောင်ခဲ့ပါတယ်။ အန်ဖီးက လူများစွာဟာ သူတို့ရဲ့ အပြောင်းအရွှေ့ ကော်မတီ နောက်ကွယ်က အဓိက အရေးပါသူအဖြစ် အတ်ဝပ်ကို မြင်ကြသလို ၎င်းရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ လုပ်နိုင်စွမ်းကြောင့် နာမည်ကြီးသူလဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း လီဗာပူးကို ကြီးမားတဲ့အကျိုးရှိစေခဲ့တဲ့ အပြောင်းအရွှေ့များစွာ ဖြစ်ခဲ့ပါတယ်။ မာဆေးဆိုဒ်မှာ အတ်ဝပ်ရဲ့ အချိန်တွေအတွင်း သူ လုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံး အပြောင်းအရွှေ့ ၁၀ ခုကို ဖော်ပြပေးပါမယ်။

(၁၀) ဂျော်ဒန် အိုက်ဘ်

ရာဟင်း စတာလင် လက်သစ်အဖြစ် ထင်ကြေးပေးခံခဲ့ရတဲ့ အိုက်ဘ်ဟာ နာမည်ကြီး ပေမယ့်လဲ လီဗာပူးမှာ ပုံမှန် ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး သူ့အနာဂတ်က အန်ဖီးကလပ်ရဲ့ ရောင်းထုတ်ခြင်း ခံခဲ့ရသူပါ။ ဝိုင်ကမ်ဘီ ကြယ်ပွင့်ဟောင်းဟာ ၂၀၁၆ မှာ ဘုန်းမောက်ထံ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အဆိုပါကြေးက ဘုန်းမောက်အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။

(၉) ဖာဘင်ညို

မိုနာကိုက တားဆီးဖို့ ကြိုးစားတဲ့ကြားက လီဗာပူးဟာ ၂၀၁၈ မှာ ဘရာဇီးကွင်းလယ်လူကို ခေါ်ယူနိုင်ခဲ့ပြီး အကောင်းဆုံး အသင်း တစ်သင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်စေခဲ့ပါတယ်။ ဘရာဇီးသားဟာ အင်္ဂလန်မှာ ထိပ်တန်း ကွင်းလယ်ခံစစ်တစ်ယောက် ဖြစ်လာခဲ့ပြီး လီဗာပူးဟာ သူ့အတွက် ဖရက်၊ ဂျော်ဂျင်ဟို၊ ရိုဒရီတို့ထက် အများကြီး နည်းပါးတဲ့ ပမာဏသာ ကုန်ကျခဲ့ရတာ ဖြစ်ပါတယ်။

(၈) အယ်လီဆန်

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ကာရီးယက်စ်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေအပြီး လအတန်အကြာမှာတော့ လီဗာပူးဟာ ရိုးမားထံကနေ အယ်လီဆန်ကို ပေါင် ၆၆ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အဲ့တုန်းက ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပေမယ့် အယ်လီဆန်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ယောက်အဖြစ် သူ့ရဲ့ တန်ကြေးတွေကို ပြန်ပေးဆပ်ခဲ့ပြီးပြီလို့တောင် ဆိုနိုင်ပါတယ်။

(၇) ဆာဒီယို မာနေး

လီဗာပူးက မာနေးကို ဆောက်သမ်တန်ထံက ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့တဲ့အချိန်မှာ ထိပ်တန်းကစားသမားတစ်ဦး မဟုတ်ဘူးလို့ ဝေဖန်ခံခဲ့ရတယ်။ အန်ဖီးမှာ သူအောင်မြင်ခဲ့တာတွေ ယှဉ်ကြည့်ရင် ပေါင် ၃၄ သန်းဆိုတာ လုံးဝ မဖြစ်စလောက် ပမာဏလေး ဖြစ်သွားပါလိမ့်မယ်။ ဖာမင်နို၊ ဆာလာတို့နဲ့အတူ ဖြုံလောက်တဲ့ တိုက်စစ်သုံးယောက်တွဲမှာ ပါဝင်ခဲ့တဲ့ ဆီနီဂေါကြယ်ပွင့်ဟာ ကလပ်မှာ ၄ နှစ် အတွင်း ၈၅ ဂိုး သွင်းယူခဲ့ပါတယ်။

(၆) ဒိုမီနစ် ဆိုလန်ကီ

ဆိုလန်ကီဟာ ၂၇ ပွဲကစားအပြီး ၁ ဂိုးသာ သွင်းယူခဲ့ပေမယ့် အတ်ဝပ်ကတော့ ၂၀၁၈ မှာ ဘုန်းမောက်ထံ သူ့ကို ပေါင်သန်း ၂၀ နဲ့ ရောင်းချနိုင်ခဲ့ပြီး အသိအမှတ်ပြုရလောက်တဲ့ စွမ်းဆောင်ချက်ကို ပြသခဲ့ပါတယ်။ ဆိုလန်ကီရဲ့ ဂိုးကံကြမ္မာက ပရီးမီးယားလိဂ်မှာ တိုးတက်ခဲ့ခြင်း မရှိပဲ ၂ နှစ်အကြာမှာ ဘုန်းမောက်နဲ့အတူ တန်းဆင်းခဲ့ရချိန်မှာ လီဗာပူးကတော့ ငွေထုပ်ပိုက်ပြီးခဲ့ပါပြီ။

(၅) ရိုင်ယန် ဘရူးစတာ

အတ်ဝပ်ဟာ ဘရူးစတာကို ၂၀၂၀ နွေရာသီမှာ ရှက်ဖီးယူနိုက်တက်ထံ ပေါင် ၂၃.၅ သန်းနဲ့ ရောင်းချခဲ့ပေမယ့် ၎င်းဟာ လီဗာပူးအတွက် လိဂ်တစ်ပွဲမှ မကစားပေးခဲ့ဖူးပါဘူး။ အင်္ဂလန် ယူ-၂၁ ကစားသမားဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးမှာ အငှားကစားရင်း အထင်ကြီးစရာတွေ လုပ်ပြခဲ့မေယ့် ရှက်ဖီးမှာတော့ ရုန်းကန်နေရဆဲပါပဲ။

(၄) အန်ဒရူး ရော်ဘတ်ဆန်

ဆယ်စုနှစ်အတွင်း အကောင်းဆုံး ခေါ်ယူမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရော်ဘတ်ဆန်အတွက် လီဗာပူးဟာ ပေါင် ၈ သန်း သာ ကုန်ကျစေခဲ့ပြီး အပြန်အလှန် အနေနဲ့ ကယ်ဗင် စတီးဝပ်က အလားတူ ပြောင်းရွှေ့ကြေးနဲ့ အန်ဖီးကို စွန့်ခွာသွားခဲ့ပါတယ်။ တစ်ယောက်က ပရီးမီးယားလိဂ် ချန်ပီယံ၊ ချန်ပီယံလိဂ် ဖလားပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်အစွန်လူ တစ်ယောက် ဖြစ်နေချိန်မှာ တစ်ယောက်ကတော့ ဟူးစီးတီးကနေ ပြောင်းရွှေ့လို့ ဘလက်ပူးအတွက် ကစားပေးနေပါတယ်။

(၃) မို ဆာလာ

ရိုးမားထံကနေ ပေါင် ၃၇ သန်းနဲ့ လီဗာပူး ခေါ်ယူခဲ့စဉ်က ဝေဖန်ခံခဲ့ရတဲ့ နောက်ထပ် ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူ ဘယ်လောက် အကျိုးပြုနိုင်လဲဆိုတာ သူတို့သိခဲ့မယ်ဆိုရင် လီဗာပူးအနေနဲ့ ဆာလာအတွက် အဲ့ဒီ့ပမာဏရဲ့ ၃ဆ လောက်တောင် ပေးဖြစ်ပါလိမ့်မယ်။

ပထမရာသီမှာပဲ ဆာလာဟာ ပရီးမီးယားလိဂ် ၃၆ ပွဲမှာ ၃၂ ဂိုး သွင်းယူခဲ့ပြီး ကလပ်ရဲ့ ဂန္တဝင်တစ်ယောက်အနေနဲ့ မာဆေးဆိုဒ်မှာ အသိအမှတ်ပြုခံရမှာဖြစ်သလို ကလပ်သမိုင်းထဲက အကောင်းဆုံး တိုက်စစ်မှူးတချို့နဲ့ တန်းတူ နှိုင်းယှဉ်ခံရမှာဖြစ်ပါတယ်။

(၂) ဗန်ဒိုက်

လီဗာပူးသမိုင်းကို အကြီးမားဆုံး အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ခေါ်ယူမှုအနေနဲ့ အတ်ဝပ်ဟာ ဗန်ဒိုက်ကို ကလပ်စံချိန်တင်ကြေးပေးပြီး ဝယ်ယူပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပေါင် ၇၅ သန်း သုံးခဲ့ရတာကြောင့် နယ်သာလန်သားအတွက် ခြေစွမ်းပြဖို့ ဖိအားတွေ ရှိလာမယ် ထင်ခဲ့ကြပေမယ့် သူဟာ မျှော်လင့်တဲ့အတိုင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး လီဗာပူးအတွက် ချန်ပီယံလိဂ် ဖလား၊ ပထမဆုံး ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်စေခဲ့သလို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(၁) ကော်တင်ညို

လီဗာပူးတို့ရဲ့ အကောင်းဆုံး ရောင်းချမှုတစ်ခု ဖြစ်ခဲ့ပြီး အတ်ဝပ်ကြောင့် ကော်တင်ညိုကို ဘာစီလိုနာထံ ပေါင် ၁၄၂ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ကော်တင်ညိုရဲ့ စာချုပ်မှာ စပိန်ကလပ်ကို နိုင်ကွက်အချို့ ထည့်သွင်း ချုပ်ဆိုခဲ့သလို အဲ့ဒီကရတဲ့ ငွေတွေကြောင့် လီဗာပူးဟာ ဗန်ဒိုက်၊ အယ်လစ်ဆန်၊ ဖာဘင်ညိုတို့ကို ခေါ်ယူနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။