ဘင်ဖီကာ တိုက်စစ် ကြယ်ပွင့် ကစားသမား ယာအိုဖိလစ်က သူ့ကိုစိတ်ဝင်စားနေတဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတို့ကို အကြောင်းပြန် စကား ဆိုလိုက်ပါတယ်။ ၄င်းက အသင်းပြောင်းရွှေ့ကစားဖို့ထက် ဘင်ဖီကာအသင်းမှာသာ ပျော်ရွင်နေကြောင်း ဆိုလာပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ တိုက်စစ်အားသန်ကွင်းလယ်လူ ဖိလစ်ဟာ စီရိုနယ်ဒို လက်သစ် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဖိလစ်ဟာ ဘင်ဖီကာ (ခ)အသင်းမှာ ၂ ရာသီကစားခဲ့ပြီးနောက် ဒီနှစ်မှာ အသင်းကြီးအတွက် ကစားခွင့် ရလာခဲ့ပါတယ်။ ဖိလစ်ဟာ အသင်းကြီးမှာ ပိုမိုခြေစွမ်းကောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ဂိုး ၂၀ သွင်းပေးခဲ့ပါတယ်။

ခြေစွမ်းကောင်းတဲ့ ဖိလစ်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်ကို အသင်းပြောင်းမယ်လို့ သတင်းထွက် နေပါတယ်။ ဖိလစ်ရဲ့ စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၁၂၀ ရှိနေပါတယ်။ ဘင်ဖီကာအသင်းဟာ ဒီရာသီမှာ ပြည်တွင်းလိဂ်ဖလားဆွတ်ခူးခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့ပြီး ဖိလစ်က အကောင်းဆုံးခြေစွမ်းပြ ကစားပေးခဲ့ပါတယ်။

ဖိလစ်ကို ခေါ်ယူဖို့ မန်ချက်စတာ အခြေစိုက်အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးတို့ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။ မန်ယူအသင်းနဲ့ မန်စီးတီး အသင်း ကင်းထောက်တွေဟာ ဒီရာသီမှာ ဖိလစ်ကစားခဲ့တဲ့ ပွဲတွေကိုသွားရောက်ကာ ခြေစွမ်းလေ့လာခဲ့ကြတာပါ။ ဖိလစ်ဟာ သူ့ကို မန်ချက်စတာအသင်းများ စိတ်ဝင်စားနေတာကိုသိပေမယ့် ဘင်ဖီကာမှာ ဆက်နေဖို့ အစီအစဉ်ရှိနေပါတယ်။

ဖိလစ်က – ´ကျွန်တော့်ရဲ့ အနာဂတ်လား။ ပြောချိန်တန်ရင် ပြောမှာပါ။ အခုလက်ရှိအချိန်မှာတော့ ဘင်ဖီကာအသင်းမှာ ကျွန်တော် ပျော်နေပါတယ်။ ဒီမှာ အသားကျနေပါတယ်။ ”

” ကျွန်တော် ဘင်ဖီကာ အသင်းကို ချစ်တယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကို ချစ်ကြပါတယ်။ အပြောင်းအရွှေ့သတင်းတွေ ကြားနေရပေမယ့် ကျွန်တော် ဒီမှာပျော်နေတယ်`လို့ အသင်း ဝက်ဆိုက်ဒ်က တစ်ဆင့် ပြောကြားခဲ့ပါတယ်။

ဖိလစ်ရဲ့ပြောစကားက သူ့ကိုခေါ်ချင်တဲ့ မန်ယူနဲ့ မန်စီးတီးအတွက် စိတ်ဓာတ်ကျစရာ ဖြစ်လာပါတယ်။ ဖိလစ်ဟာ နေးရှင်းလိဂ်ကစားမယ့် ပေါ်တူဂီလက်ရွေးစင်အသင်း ကစားသမားစာရင်းမှာလည်း ပါဝင်နေပါတယ်။