လိဒ်ဟာ လီဗာပူးကို ၂-၀ နဲ့ ရှုံးနေချိန်မှာ တစ်ယောက်ထုတ်ခံရပြီး ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရတာနဲ့အတူ ပွဲက စိတ်ပျက်စရာ အဆုံးသတ်ကို ရောက်ရှိခဲ့တာကြောင့် လိဒ်ပရိသတ်တွေက သူတို့ကိုယ်ပိုင် ဖျော်ဖြေမှုတွေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

‘အင်္ကျီအမည်းနဲ့ လီဗာပူးသားက ဘယ်သူလဲ’ ဆိုပြီး အော်ဟစ်သီကြွေးခဲ့တာက ကွင်းလယ်ဒိုင် ခရစ် ပေါဆန်ကို ရည်ရွယ်ခဲ့ခြင်းဖြစ်သလို ဒိုင်လူကြီးဟာ သူတို့ကို နာကျင်စေတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ လိဒ်ပရိသတ်တွေက ယုံကြည်နေပါတယ်။

ပေါဆန်ဟာ နောက်ဆုံးမှာ အန္တရာယ်ရှိတဲ့ နေရာအတွင်း လိဒ်ယူနိုက်တက်ကို ဖရီးကစ် ကန်ခွင့် ပေးလိုက်တဲ့အခါမှာတော့ လိဒ်ပရိသတ်တွေဟာ စက္ကန့် ၃၀ လောက် ဩဘာပေးခဲ့ပါတယ်။ ဒါကတော့ လီဗာပူးက သူတို့အလုပ်ကို ဘယ်လောက် အကျိုးသက်ရောက်မှုရှိရှိနဲ့ လုပ်ခဲ့သလဲဆိုတာကို သက်သေပြခဲ့တာပါ။

အင်္ဂလန်ရဲ့ အင်အားအကြီးမားဆုံး အိမ်ကွင်းပရိသတ်ထုထဲ ပါဝင်နေတဲ့ လိဒ်ပရိသတ်တွေဟာ ကွင်းလယ်ဒိုင်ကို ဖိအားပေး လွှမ်းမိုးဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးအသင်းသားတွေရဲ့ ကြံ့ကြံ့ခံ ကစားမှုအောက်မှာ ဘာတစ်ခုမှ မတတ်နိုင်ဘဲ ကွင်းလယ်ဒိုင်ကို စောဒက တက်ဖို့ သီကြွေး အော်ဆိုမှုတွေလောက်ပဲ လုပ်နိုင်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းက သက်တောင့်သက်သာ နိုင်ပွဲရရှိခဲ့ပေမယ့် အယ်လီးယော့ရဲ့ ဒဏ်ရာရရှိမှုအပြီး စိတ်မကောင်းစရာ ခံစားမှုတွေပဲ လွှမ်းခြုံသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ လိဒ်က လီဗာပူးကို နာကျင်စေနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အဲ့အထဲက အနည်းငယ်ကပဲ အလုပ်ဖြစ်ခဲ့တာပါ။

ပက်ထရစ် ဘမ်းဖို့ဒ်က ထူးထူးချွန်ချွန်တွေ လုပ်ပြဖို့ ကြိုးစားနေပေမယ့် ရာဖင်ဟာနဲ့ ဂျက်ဟာရီဆန်တို့က အကျပ်အတည်းကြားမှာ မနည်း ရုန်းကန်နေခဲ့ရတယ်။ ကယ်ဗင် ဖီးလစ်က ခံစစ်က အပေါက်တွေကို လိုက်ဖြည့်ရင်းနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ကွင်းလယ်ကနေ အရှိန်အဟုန် ကောင်းစွာ စတင်တတ်တဲ့ လိဒ်ရဲ့ အထင်ကရ တိုက်စစ်ဆင်ပုံစံက လီဗာပူးရဲ့ လွှမ်းမိုးမှုအောက်မှာ လုံးဝ ပျောက်ဆုံးနေခဲ့ပြီး နောက်ဆုံးမှာ လုံးဝ တပ်ပျက်သွားခဲ့ပါတယ်။

သီယာဂို အယ်ကန်တာရာကို ဝေဖန်ချင်တယ်ဆိုရင်တော့ လိဒ်ရဲ့ ကစားကွက်က သီယာဂို အကြိုက်နဲ့ အံကိုက်ဖြစ်သွားတာပါ ဆိုတာလောက်ပဲ ထောက်ပြနိုင်ပါတယ်။ အတောမသတ်နိုင်တဲ့ ပြေးလွှားမှုတွေနဲ့ အလှည့်အပြောင်းတွေ လုပ်တတ်တဲ့ အသင်းတစ်သင်းကနေ နေရာလွတ်တွေ ထွက်ပေါ်လာပြီး သီယာဂိုက အဲ့တာတွေကို ကောင်းကောင်းကြီး အသုံးချသွားခဲ့ပါတယ်။

ဒီရာသီ သီယာဂိုရဲ့ ပထမဆုံး ပွဲထွက်မှုက လုံးဝကို သဘောကျစရာ ဖြစ်ခဲ့တာပါ။ ထိုးထွင်းမြင်တတ်မှုနဲ့ ဘောလုံးကိုင်ကစားရာမှာ ရဲရင့်မှုက ဆရာကျပြီး သူကပဲ နာကျင်အချိန်ပိုမှာ မာနေးရဲ့ အပြင်းကန်ချက် သွင်းဂိုး ရယူနိုင်ဖို့ ဖန်တီးမှုကို လုပ်ပေးခဲ့တာပါ။

ရဲရင့်မှုဆိုတဲ့အကြောင်းကို သေချာရှင်းလင်းရပါမယ်။ အင်္ဂလိပ်ဘောလုံးဆိုင်ရာ ဝေါဟာရမှာ ရဲရင့်မှုဆိုတာကို ရုပ်ပိုင်းဆိုင်ရာ သတ္တိရှိမှု၊ ရဲရင့်မှုအဖြစ် ဖော်ပြထားပါတယ်။ စိုစွတ်နေတဲ့ မြက်ခင်းပေါ် လျှောထိုးဖျက်ထုတ်မှုတွေ၊ ရဲရင့်တဲ့ တားဆီးပိတ်ပင်မှုတွေ၊ မိုက်မိုက်မဲမဲနဲ့ ဘောလုံးကို ခေါင်းနဲ့ တားပစ်တာမျိုးတွေပေါ့။

သီယာဂိုရဲ့ ရဲရင့်မှုက ယုံကြည်မှုနဲ့ ဆိုင်တဲ့ အရာမျိုးပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ၂ ဆလောက်ရှိတဲ့သူတစ်ယောက်က မင်းနဲ့ ဘောလုံးယှဉ်လုဖို့ တွန်းတိုက်နေတဲ့ အချိန်မှာတောင် အဲ့ဒီ့ဘောလုံးကို လက်ခံတတ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုး။ လုံခြုံတဲ့ ဘောလုံးကို နောက်ပြန်ပေးပို့မှု တစ်ခုထက် နေရာလွတ်တွေကြား အရဲစွန့် ပေးပို့ကစားတတ်တဲ့ ခေါင်းမာမှုမျိုး။

မှားယွင်းစွာနဲ့ သီယာဂိုက အဲ့လို ခေါင်းမာမှုမျိုးမှာ စပါယ်ရှယ်လစ်တစ်ယောက်အဖြစ် သတ်မှတ်ခံရတယ်။ ဘေးတိုက် ပေးပို့တတ်သူ၊ ဘာမှမဟုတ်ပဲ နာမည်ကြီးသူတစ်ယောက်ပါကွာဆိုတဲ့ ဝေဖန်မှုမျိုးတွေပေါ့။ တကယ်တမ်းတော့ မနှစ်က နွေရာသီမှာ အင်္ဂလန်ကို ရောက်လာပြီးကတည်းက ၁၀ စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်အပေါ် တိတ်တိတ်ပုန်း မလေးစားမှုတွေ ရှိခဲ့တာပါ။

အများအားဖြင့် အင်တာနက်ပေါ်က အမှိုက်လို လူတွေကြားမှာပေါ့။ ဒါပေမယ့် တခါတလေမှာလဲ မီဒီယာတွေမှာ လေးစားရတဲ့ ပရိုကစားသမားဟောင်းတွေ ကိုယ်တိုင်လဲ မလေးမစားလုပ်တတ်ပါတယ်။ လီဗာပူးကစားသမားဟောင်း ဟာမန်းက သီယာဂိုဟာ ကလော့ပ်ရဲ့ နည်းစနစ်မှာ ဆိုးဆိုးရွားရွား အံမဝင်သူအဖြစ် သူ့ကို နာမည်တပ်ပြောခဲ့တယ်။ ကစားသမားဟောင်း ဂျွန်ဘန်းစ်ကလဲ သီယာဂိုက လီဗာပူးကို နှေးကွေးစေတယ်လို့ ယူဆတယ်။

အန်ဖီးမှာ သူ့ရဲ့ ပထမရာသီက ဒဏ်ရာပြဿနာတွေ ဗလပွ၊ ရာသီကြိုမှာလည်း ကိုဗစ်ကြောင့် အနှောင့်အယှက်ဖြစ်ရခြင်းတွေက သူ့ရဲ့ ခြေစွမ်းတွေ ပျောက်ဆုံးစေခဲ့တဲ့ အကြောင်းရင်းတချို့ပါ။ သူကိုယ်တိုင် အမှားလုပ်ခဲ့တာမျိုးလဲ ရှိပါတယ်။ သူ့ပုံစံကိုက ပြင်ပက ဝေဖန်မှုတွေကို ဂရုမစိုက်တတ်တဲ့ ပုံစံမျိုးပါပဲ။

သူ့အလုပ်က နေရာလွတ်တွေ ဖန်တီးဖို့မဟုတ်ပဲ ရှာဖွေဖို့ ဖြစ်ပါတယ်။ သူ့ရှေ့က တိုက်စစ်ရဲ့ လှုပ်ရှားမှုက မနှစ်က ရာသီတုန်းကလိုမျိုး ထုံထိုင်းမှုတွေဖြင့် ကြက်သေသေနေခဲ့ရင် သီယာဂိုရဲ့ ရွေးချယ်စရာတွေက သေချာပေါက် အကန့်အသတ် ဖြစ်သွားမှာပါ။ ဒါပေမယ့် လှုပ်ရှားမှုတွေ ကောင်းနေပြီး နေရာလွတ်တွေ စရလာရင်တော့ သူ့ထက် ပိုကောင်းတဲ့ ကွင်းလယ်လူတစ်ယောက်ကို ရှာတွေ့ဖို့ ခက်ခဲသွားနိုင်တယ်။

လီဗာပူးရဲ့ ပထမဂိုးက အဲ့ဒီ့အတွက် သက်သေပါပဲ။ သွင်းဂိုးမတိုင်ခင်မှာ သီယာဂိုက ဘယ်ခြမ်းမှာ ဘောလုံးကို ရယူလိုက်ပြီး ဗန်ဒိုက်ဆီ ရိုးရိုးရှင်းရှင်း နောက်ပြန်ပို့တာမျိုးတွေ ဆက်တိုက် လုပ်ခဲ့တယ်။ ဘမ်းဖို့ဒ်က ဗန်ဒိုက်ရဲ့ အရှေ့ကနေ ဘောလုံးရဖို့ မျှော်လင့်ချက်နဲ့ စောင့်နေတယ်။ အဲ့ဒီ့အစား သီယာဂိုက တဖက်ခြမ်းက မာတစ်ဆီ အမြင့်ဘော ကန်ပေးလိုက်တဲ့အချိန်မှာ မာတစ်က ကိုက် ၃၀ စာ ပြေးသွားပြီးတော့ ဆာလာ ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့တယ်။

သီယာဂိုက သူ ဘာလုပ်နိုင်လဲဆိုတဲ့အပေါ် အသေးစိတ် အရာအားလုံးကို သိနေတာပါပဲ။ သူက လည်နေတဲ့ စက်ရုပ်ကလေးနဲ့ တူတယ်။ ပြီးပြည့်စုံတဲ့ ပေးပို့မှုတစ်ခု လုပ်နိုင်ဖို့အတွက် ထောင့်တွေ၊ ရှောင်တိမ်းမှုတွေ၊ ဖျက်ခနဲအကြည့်တွေ၊ ခန္ဓာကိုယ် အနေအထားတွေကို အစုံ အသုံးချပြီး ကစားတာပါ။

“သူ့ခေါင်းက အမြဲတမ်း ပတ်လည်လှည့်နေတာပါ”လို့ အသင်းဖော် နက်ဖီးလစ်က ပြောခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူက စတူးဝပ် ဒယ်လက်စ်ကို ခုခံရင်ဆိုင်နေတုန်း ပုခုံးနဲ့ တချက်တိုက်အပြီး ချက်ချင်းပဲ ဆာလာရှိတဲ့ ကွင်းတဖက်ခြမ်းဆီ လှမ်းကန်တင်ပေးလိုက်တာက သူ့ရဲ့ အမြင်စူးရှမှုကို ပြနေတာပါ။

မနှစ်က ရာသီအတွင်း ပွဲအတော်များများမှာ ဖာဘင်ညိုက လီဗာပူးရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခံစစ်မှာ ကစားခဲ့ရတယ်။ အခု ကွင်းလယ်ကို ပြန်လာကစားနိုင်ပြီဖြစ်တာကြောင့် သူနဲ့ သီယာဂိုက ၄-၃-၃ ထက် ပိုပြီး နီးစပ်တဲ့ ၄-၂-၄ ကစားကွက်မှာ အချင်းချင်း နားလည်မှုကို တည်ဆောက်ခဲ့တယ်။

ဖာဘင်ညိုက လီဗာပူးရဲ့ ဒုတိယဂိုးကို အနီးကပ် ပိတ်သွင်းယူခဲ့ပေမယ့် သူ့ရဲ့ တကယ့်အရည်အသွေးက ခံစစ်ကို ပံ့ပိုးမှုပါပဲ။ သူက ရှင်းထုတ်မှု၊ နေရာလွတ်တွေကို ကာကွယ်ပေးမှုနဲ့ ဖျက်ထုတ်မှုတွေ လုပ်ပေးနိုင်တာကြောင့် သီယာဂိုက တိုက်စစ်ကို ပံ့ပိုးရာမှာ နည်းနည်းပိုပြီး ရဲရဲတင်းတင်း လုပ်နိုင်စေပါတယ်။

လွန်ခဲ့တဲ့ ၂ ရာသီ၊ ၃ ရာသီအတွင်း လီဗာပူးကွင်းလယ်ရဲ့ အဆင့်ဆင့် ပြောင်းလဲလာမှုက မျှော်လင့်ထားတာထက် နည်းနည်းပိုကြာသွားပါတယ်။ ကပ်ရာဂါကြောင့်၊ မနှစ်က ဒဏ်ရာပြဿနာတွေကြောင့် နာဘီကီတာရဲ့ မျှော်လင့်သလို ဖြစ်မလာတဲ့ ကျရှုံးမှုတွေကြောင့်ပါ။ အခု အယ်လီးယက်ရဲ့ ဒဏ်ရာပြဿနာက လီဗာပူးကွင်းလယ် တိုးတက်မှုမှာ နောက်ထပ် နှောင့်နှေးမှုများစွာ ရှိလာဦးမယ်ဆိုတာကို သတိပေးသလို ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သီယာဂိုနဲ့ ဖာဘင်ညိုက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီး လိဒ်ရဲ့ ထိန်းချုပ်မှုကို ဖြေလျှော့ပေးခဲ့တာတွေကြောင့် လီဗာပူးကွင်းလယ်က အားတက်စရာတွေ ရှိလာနေဦးမှာ ဖြစ်ပါတယ်။

The guardian မှ ‘Thiago Alcântara’s class shines through as Liverpool coast to victory’ ဆောင်းပါးအား သင့်လျော်အောင် ပြန်ဆိုပါသည်။