လီဗာပူးအသင်းဟာ အန်ဖီးမှာ အေစီမီလန်ကို ဧည့်ခံကစားတဲ့ ချန်ပီယံလိဂ် အုပ်စုတွင်း အဖွင့်ပွဲကိုတော့ တိုမိုရီ (OG)၊ ဆာလာ၊ ဟန်ဒါဆန်တို့ရဲ့ သွင်းဂိုးဖြင့် အနိုင်ရပြီး အုပ်စုတွင်းကို ဦးဆောင်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ လူစာရင်း အပြောင်းအလဲတွေ အတော် လုပ်လာခဲ့ပြီး ခံစစ်မှာ ဗန်ဒိုက်အစား ဂိုးမက်စ်၊ ကွင်းလယ်မှာ သီယာဂိုအစား ကိတ်တာနဲ့ တိုက်စစ်မှာ မာနေးအစား အိုရီဂီတို့ကို ထည့်သုံးခဲ့ပါတယ်။ အိုရီဂီကိုတော့ ဘယ်ခြမ်း မဟုတ်ဘဲ အထောင်တိုက်စစ်မှူး နေရာက ထည့်သွင်းခဲ့တာပါ။

လူစာရင်းနဲ့ ပတ်သက်လို့ လီဗာပူးပရိသတ်တွေ စိတ်ပူမှုတွေ၊ မှတ်ချက်ပေးမှုတွေ များခဲ့ပေမယ့် တကယ်တမ်း ပွဲကို စတင် ယှဉ်ပြိုင်ချိန်မှာ အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ မထင်ထားလောက်အောင်ဘဲ လီဗာပူးက ပွဲကို ရာနှုန်းပြည့်နီးပါး လွှမ်းမိုး ကစားခဲ့တယ်။ တိုက်စစ်ပိုင်း ဖန်တီးမှု အကြိမ်ကြိမ် လုပ်နိုင်ခဲ့ကာ အေစီမီလန်ဘက်က အခွင့်အရေး လုံးဝ မရတဲ့ အခြေအနေထိကို ဦးဆောင်နိုင်ခဲ့တာပါ။

လီဗာပူးဘက်က ဒီပွဲမှာတော့ ညာခြမ်းကိုပဲ အားကိုးနေခြင်း မဟုတ်ဘဲ ဘယ်ခြမ်းနဲ့ အလယ်ကြောက ထိုးဖောက်မှုတွေလည်း လုပ်ခဲ့ပြီး တိုက်စစ်ပိုင်း ဘက်ညီခဲ့ပါတယ်။ အေစီမီလန်ဘက်ကတော့ သူတို့ရဲ့ ခံစစ် ကာကွယ်မှုကို ဆာလာနဲ့ ထရန့်ရှိတဲ့ ညာခြမ်းဘက်ကိုပဲ အဓိက စုပြုံပြီး ကစားခဲ့တာဖြစ်တယ်။

လီဗာပူးဟာ မာတစ်နဲ့ ဂိုးမက်စ်တို့ရဲ့ ခံစစ်ကနေ ဘောလုံးဖြန့်မှုကို စောင့်ကစားမှုအစား ကွင်းလယ်ကနေ ကစားကွက်တည်မှုကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗဟိုခံစစ်မှူးတွေရဲ့ ဘောလုံးနဲ့အတူ ကစားကွက်ထဲ ပါဝင်မှုကလည်း မြင့်မားခဲ့တာပါ။ ဒီရာသီအတွင်း လီဗာပူးရဲ့ အကောင်းဆုံး ထိုးဖောက်ကစားနိုင်မှုလို့တောင် ပြောနိုင်တဲ့ထိ ပထမပိုင်း ၂၅ မိနစ်လောက်အတွင်း အသင်းရဲ့ ကစားဟန်က တက်ကြွမှုအပြည့် ရှိခဲ့ပါတယ်။

ဦးဆောင်ဂိုးကို ညာခြမ်းမှာ ဆာလာ၊ ထရန့်တို့ တွဲကစားမှုကနေ ထရန့်က ဧရိယာထဲထိ တိုးဝင်ပြီး ကန်သွင်းခဲ့ပေမယ့် နှမြောစရာက သွင်းဂိုးအဖြစ် သတ်မှတ်ခံရမှုမှာတော့ ထရန့် ဂိုးသွင်းခြင်း မဟုတ်ဘဲ အေစီဘက်က ကိုယ်ဂိုးကိုယ် သွင်းယူမှု ဖြစ်သွားခဲ့ပါတယ်။

တိုက်စစ်ကို တရစပ် ချိန်းခြောက်နေတဲ့ လီဗာပူးကပဲ ဘယ်ခြမ်းက ရော်ဘတ်ဆန်ရဲ့ ကန်ချက် အေစီကစားသမား လက်နဲ့ ထိခဲ့ရာက ပင်နယ်တီ ရခဲ့ပါတယ်။ ပင်နယ်တီကို ဆာလာ ကန်သွင်းရာ ဂိုးသမား ကာကွယ်ခဲ့သလို ထပ်ဆင့် ပိတ်သွင်းတဲ့ ဂျိုတာရဲ့ ခေါင်းတိုက်ချက်ကိုလည်း ထပ်မံ ပုပ်ထုတ်သွားပါတယ်။

ပင်နယ်တီလွဲပြီးတဲ့နောက် လီဗာပူးက ပွဲကို ထိန်းချုပ်ထားပေမယ့် အေစီဘက်က လီဗာပူးဘက်ခြမ်းကို ပြန်ဝင်ကစားမှုတွေ လုပ်လာနိုင်ခဲ့တယ်။ စိတ်ပျက်စရာ အခြေအနေကတော့ ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ကြားက ညာခြမ်းက ထရန့်တို့ အာရုံစူးစိုက်မှု လျော့နည်းပြီး လူမကပ်ခြင်းကနေ တူညီတဲ့ ပုံစံဖြင့် စက္ကန့် ၁၁၀ အတွင်း ခြေပဂိုးကော ဦးဆောင်ဂိုးပါ ပေးလိုက်ရခြင်းဖြစ်ပါတယ်။

အကယ်လို့ မိနစ် ၄၀ လောက်က လီဗာပူးရဲ့ ခံစစ် အမှားတွေ မဖြစ်ခဲ့ဘူးဆိုရင် ဒီရာသီအတွက် အကောင်းဆုံးသော ပထမပိုင်း ၄၅ မိနစ်တောင် ဖြစ်ခဲ့ဖို့ ရှိပါတယ်။

ဒုတိယပိုင်းမှာလည်း တူညီတဲ့ လူစာရင်းဖြင့်ပဲ ဆက်လက် ပွဲထွက်ခဲ့ပြီး ခြေပဂိုးကတော့ ထရန့်၊ ဖာဘင်ညို၊ အိုရီဂီတို့ရဲ့ ချိတ်ဆက်မှုကနေ အိုရီဂီက ဆာလာအတွက် နေရာလွတ် ရှာပေးခဲ့တာဖြစ်တယ်။ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ ဆာလာက ပါးနပ်တဲ့ သူ့ရဲ့ အဆုံးသတ်မှုကို ပြသပြီး ခြေပဂိုး ရယူပါတယ်။

လီဗာပူးဘက်ကပဲ ပွဲကို လွှမ်းမိုးကစားခဲ့ပြီး ဦးဆောင်ဂိုးကတော့ တစ်ပွဲလုံး အကြိမ်ကြိမ် ရနေတဲ့ ထောင့်ကန်ဘောကို အေစီဘက်က ရှင်းထုတ်ရာက ဧရိယာထိပ်မှာ ရှိနေတဲ့ ဟန်ဒါဆန်က အပြင်းသွင်းခဲ့တာပါ။ အေစီ ဂိုးသမားဟာ ဒီပွဲမှာ အတော်လေး ကောင်းမွန်နေပေမယ့် ဟန်ဒါဆန်ရဲ့ အပြင်းကန်ချက်ကိုတော့ မကာကွယ်နိုင်ခဲ့ပါဘူး။

လီဗာပူးဟာ ဒီပွဲမှာ လူစားလဲမှု အားလုံးကို ထုတ်သုံးခဲ့ပြီး မာနေး၊ ဂျုံး၊ သီယာဂို၊ မီလ်နာ၊ ချိန်ဘာလိန်တို့ကို အိုရီဂီ၊ ကိတ်တာ၊ ဂျိုတာ၊ ဟန်ဒါဆန်၊ ဆာလာ တို့နေရာမှာ အစားဝင်စေခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ပွဲကို သူတင် ကိုယ်တင် ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် ပြည့်ချိန်မှာတော့ လီဗာပူးဘက်က ၃-၂ ဖြင့် အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။