လီဗာပူးဟာ ယာဂင်ကလော့ပ် ကိုယ်တိုင်က မလွယ်ကူခဲ့ပဲ ‘ကြုံဖူးသမျှထဲ အခက်ခဲဆုံး ၃-၀ နိုင်ပွဲတစ်ခု’အဖြစ် သတ်မှတ်ခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့နောက် ချယ်ဆီးနဲ့အတူ အမှတ်ပေးဇယားထိပ်မှာ ပူးတွဲ ဦးဆောင်ထားပါတယ်။

မနှစ်က အဆင့် ၃နေရာနဲ့ အဆုံးသတ်ခဲ့တဲ့ လီဗာပူးဟာ ဒီရာသီ လိဂ်အဖွင့် ၅ ပွဲမှာ၊ clean sheet ၄ ကြိမ်ရခဲ့ပြီးတော့ ပိုကောင်းလာတဲ့ ခိုင်မာတောင့်တင်းမှုနဲ့ အသင်းအင်အားကို ပြသခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကလပ်ဟာ ပရီးမီးယားလိဂ် ၅ ပွဲမှာ တစ်မှတ်မှ မရသေးတဲ့ နောဝစ်ချ်နဲ့ ဒုတိယအကြိမ် တွေ့ဆုံရမယ့် ကာရာဘောင်းပွဲကို ကစားဖို့ ခရီးထွက်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အလားအလာနဲ့ တိုးတက်မှုတွေအတွက် စကိုင်းစပေါ့ရဲ့ သုံးသပ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

” လီဗာပူးရဲ့ အသင်းအင်အားက အရင်က မေးခွန်းထုတ်ခံခဲ့ရတဲ့ အပိုင်းတစ်ခုဖြစ်ပေမယ့် အခုတော့ သူတို့ဟာ ထရန့်နဲ့ ရော်ဘတ်ဆန်တို့လို အရေးကြီးတဲ့ ကစားသမားနှစ်ယောက် မပါပဲ ပဲလေ့စ်ကို ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ အနိုင်ယူခဲ့တာက အထင်ကြီးစရာ ကောင်းပါတယ်။ သူတို့ကြည့်ရတာ တကွင်းလုံးမှာ ကောင်းမွန်တဲ့ လူရွေးချယ်စရာတွေ ရှိနေတဲ့ပုံပါပဲ။

နာဘီကီတာရဲ့ သွင်းဂိုးအောင်ပွဲခံမှုက သူလုပ်နိုင်တယ်ဆိုတာကို သက်သေပြနေတာပါ။ အင်္ဂလန်မှာ အရင်က သူအဲ့လိုဂိုးတွေ မသွင်းဖူးပေမယ့် လိုက်ဇစ်မှာတုန်းကလို မြင့်မားတဲ့ စွမ်းဆောင်မှုတွေ ပြန်လည်ပြသနိုင်မယ်ဆိုရင် လီဗာပူးအတွက် ကွင်းလယ်မှာ နောက်ထပ် ရွေးချယ်စရာ တစ်ခု ရစေမှာပါ။

လီဗာပူးက တကယ်ကို ကောင်းမွန်တဲ့ အနေအထားမှာရှိနေပြီး သူတို့ရဲ့အသင်းက ကလော့ပ်အနေနဲ့ ဒီထက်ပိုကောင်းအောင် တည်ဆောက်ဖို့ စိတ်အားထက်သန်နေမယ့် နေရာမှာ ရောက်ရှိနေတာပါ။ သူ့မှာ အမြင့်မားဆုံး စွမ်းရည်တွေနဲ့ ကစားသမားတွေ အများကြီး ရရှိထားတယ်။
ဒီနှစ်မှာသူတို့က တခြားအသင်းတွေလောက် ဖလားတိုက်ပွဲမှာ သိပ်ပြီး မထင်ရှားဘူးဆိုပေမယ့် တကယ်ကို ဖလားစိန်ခေါ်မယ့်သူတွေ ဖြစ်လာမှာပါ။

ပွဲအပြီး ကလော့ပ်ရဲ့ ပြောစကားကြောင့် ကျွန်တော် အံ့ဩသွားတယ်။ ဘာလို့လဲဆိုတော့ အဲ့ပွဲမှာ လီဗာပူးက အတော်လေးကို သက်တောင့်သက်သာ ကစားခဲ့တာလို့ ကျွန်တော် ထင်ခဲ့တာပါ။ ဇာဟာက အယ်လီဆန်ကို ထိချက်တစ်ခုနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပွဲချိန်အစောပိုင်းမှာတော့ နည်းနည်းလေး စိုးရိမ်ခဲ့ရတာ သိပါတယ်။

တိုးတက်လာတဲ့ ပဲလေ့စ်အသင်းကနေ နောက်ထပ် ခြိမ်းခြောက်မှုအနည်းငယ် လုပ်ပြခဲ့တယ်။ အစမှာ ကျွန်တော် သူတို့အတွက် နည်းနည်း စိုးရိမ်ခဲ့တာ။ ဘလို့လဲဆိုတော့ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ဝက်စ်ဟမ်ကို သရေကျခဲ့ပြီး၊ ပြီးခဲ့တဲ့အပတ်က စပါးကိုနိုင်လိုက်တာက ပဲလေ့စ်အတွက် ယုံကြည်မှု မြင့်တက်စေခဲ့တာပါ။

ဒါကို အန်ဖီးက သူတို့ရဲ့ စွမ်းဆောင်မှုမှာ မြင်နိုင်ပါတယ်။ သူတို့က ယုံကြည်မှု ပြန်ရရှိထားတဲ့ အသင်းလို မာမာထန်ထန် ကစားခဲ့ပေမယ့် လီဗာပူးက အသင်းမှာ အပြောင်းအလဲတွေ ရှိတာတောင် ကောင်းလွန်းနေခဲ့တာပါ။

ဗဟိုခံစစ်မှာ ကိုနာတေး ပွဲဦးထွက်ခဲ့ပြီး ကောင်းကောင်း ကစားခဲ့တာကိုလဲ မြင်ခဲ့ရပါတယ်။ သူက ဘန်တီကီကို ရင်ဆိုင်ခဲ့ရတာကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှုတချို့နဲ့ ကြုံခဲ့ရပြီး အာနိုး မရှိချိန်မှာ ဇာဟာရဲ့ အရှိန်အဟုန်နဲ့ လှည့်ကွက်တွေကို ဘယ်ခြမ်းက ဂျိမ်းစ်မီနာနဲ့အတူ ဖြေရှင်းနိုင်ခဲ့တယ်။

ကိုနာတေးအတွက် တောင့်တင်းတဲ့ ပွဲဦးထွက် ဖြစ်ခဲ့ပါတယ်။ သူတို့မှာ ဗန်ဒိုက်နဲ့ မာတစ်လိုမျိုး ခိုင်မာတဲ့ ဗဟိုခံစစ်အတွဲရဲ့ နောက်ထပ် ရွေးချယ်စရာ အဖြစ် ဂျိုဂိုးမက်နဲ့ ကိုနာတေးတို့ ရှိလာပါတယ်။ ဒါက မနှစ်က သူတို့အတွက် ပြဿနာဖြစ်ခဲ့တဲ့ နေရာပါ။

ဆီမီကက်စ် ကစားတာ မြင်ရတဲ့အခါတိုင်း သူက စိတ်ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ ဘယ်အစွန်နေရာမှာ ရော်ဘတ်ဆန်နဲ့ အပြိုင်ဖြစ်လာမယ့် ဆီမီကက်စ်ရဲ့ ပုံစံကောင်းတွေကြောင့် လီဗာပူးကတော့ ကွင်းထဲမှာရော အရန်ခုံမှာပါ အင်အားပိုကောင်းလာပါတယ်။ ဒါတောင် အဲ့ဒီ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာ မဟုတ်တာကြောင့် သူတို့ကို ခက်ခဲစေခဲ့တဲ့ ပဲလေ့စ်ကို ချီးကျူးရမှာပါ။ ” လို့ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။