လီဗာပူးရဲ့ မော်ဒန်ခေတ် အကောင်းဆုံး တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ငြင်းခုံမှုလုပ်ရာမှာ မိုက်ကယ်အိုဝင်နဲ့ ရီယို ဖာဒီနန်တို့က သဘောထားချင်း မတိုက်ဆိုင်ခဲ့ပါဘူး။

လီဗာပူးက ပေါ်တိုကို ၅-၁ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် အုပ်စုဗိုလ် ဖြစ်ခဲ့သလို အီဂျစ်သားဟာ အဲ့ဒီ့ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ ဆာလာဟာ ပွဲချိန်နှစ်ပိုင်းမှာ တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပြီး ရာသီသစ်မှာ သူဟာ ၈ ပွဲကစား၊ စုစုပေါင်း သွင်းဂိုး ၈ ဂိုးထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဖာဒီနန်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း အိုဝင်တို့ကို သူတို့အနေနဲ့ ဆာလာရဲ့ လက်ရှိအချိန်နဲ့ ဆွာရက်စ်ရဲ့ လီဗာပူးကစားသမားဘဝ အကောင်းဆုံးအချိန်တို့ကို နှိုင်းယှဉ်ပြီး ရာသီတစ်ခုအတွက် သူတို့နှစ်ယောက်ထဲက ပိုကောင်းတဲ့ တစ်ယောက်ကို ရွေးချယ်ခဲ့ကြတယ်။

ယူနိုက်တက်ခံစစ်သမားဟောင်း ဖာဒီနန်က လီဗာပူးရဲ့ အောင်မြင်တဲ့ ဘောလုံးရာသီတွေမှာ ဆာလာရဲ့ အရေးပါတဲ့ လွှမ်းမိုးမှုတွေကြောင့် အီဂျစ်သားက ပိုသာတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်က ဆာလာကို ရွေးမယ်။ နောက်ဆုံး လေးရာသီအတွင်း သူလုပ်ခဲ့တဲ့ အရာတွေအပြင် ဒီရာသီမှာလည်း သူက ထပ်ပြီးတော့ လီဗာပူးရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေတယ်။ သူက သိပ်တော်တယ်လို့ ကျွန်တော်ထင်တယ်။

အချိုပေါ် သကာလောင်းသလိုမျိုး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်စတဲ့ ကြီးမားတဲ့ ဆုဖလားတွေ အောင်မြင်ခဲ့တဲ့ အသင်းကို သူက ပိုပြီးတော့ ကောင်းစေခဲ့တဲ့ အရေးပါတဲ့ ကစားသမားပါ။ ဧရိယာနားမှာ သူ့ကို ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆုံးသတ်သူ တစ်ယောက်လိုပါပဲ။

ဆွာရက်စ်က သိပ်ကောင်းတဲ့ ရာသီတစ်ခု ပိုင်ဆိုင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် မိုဆာလာ လုပ်ပြခဲ့တဲ့ အရာတွေအတွက်၊ လီဗာပူးဂျာစီနဲ့ ပရီးမီးယားလိဂ်ကို အောင်မြင်စေခဲ့တာတွေအတွက် သူ့ကိုကျော်ပြီး ရွေးချယ်ဖို့ မဖြစ်နိုင်ပါဘူး ” လို့ ဖာဒီနန်က ဆိုပါတယ်။

အိုဝင်ကတော့ အန်ဖီးမှာ ၂၀၁၃-၁၄ ရာသီအတွင်း ၃၁ ဂိုးသွင်း၊ ၁၇ ဂိုး ဖန်တီးပေးခဲ့တဲ့ ဆွာရက်စ်က လီဗာပူးရဲ့ မော်ဒန်ခေတ်သမိုင်းမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်လို့ ထင်မြင်နေတာပါ။

“ ဘရန်ဒန်ရော်ဂျာ လက်အောက် ဆွာရက်စ် ကစားခဲ့တဲ့ ရာသီဆိုရင် ကျွန်တော့်ဘဝမှာ အဲ့လိုမျိုး တခါမှ မမြင်ဖူးခဲ့သလောက်ကို သူက မယုံနိုင်စရာ ကောင်းခဲ့ပါတယ် ” လို့ ပြောခဲ့တာပါ။

ဖာဒီနန်ကတော့ အရေးအကြီးဆုံးအရာက ဆာလာဟာ အင်္ဂလန်မှာ ဆွာရက်စ် မလုပ်နိုင်ခဲ့တဲ့ ဆုဖလားအောင်မြင်မှုကို ရခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အိုဝင်ကပဲ “ ဒါပေမယ့် ဆွာရက်စ်က အသင်းကို ကူညီပေးခဲ့တာပါ။ အကြောင်းတရား တချို့ ချွတ်ချော်မှုကြောင့်သာ ဖလားနဲ့ ဝေးခဲ့ရတာပါ။ သူက အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ဆုဖလား အောင်မြင်လို့ဆိုတာတွေ အိတ်ကပ်ထဲမှာ ဆုတံဆိပ် ၆ ခု၊ ၇ ခုလောက် ရှိတဲ့ ကစားသမားတိုင်းက စတီဗင်ဂျရတ်နဲ့ လူးဝစ် ဆွာရက်စ်တို့နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ သူတို့တွေက ဘယ်လောက်ကောင်းတဲ့ ကစားသမားတွေလဲ ဆိုတာကို ကျွန်တော်တို့ သုံးသပ်ခွဲခြားပြနေတာပါ။

ဘောလုံးရာသီ တစ်ခုထဲနဲ့ ဆွာရက်စ်က အခု ဆာလာရဲ့ လေးရာသီစာလောက်ကို လုပ်ပြခဲ့တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် အကြောင်း ပြောနေတာပါ။ ဒါပေမယ့် မင်းရဲ့ မေးခွန်းက ရာသီတစ်ခုထဲစာ အတွက်ပါ။ ဆွာရက်စ်ရဲ့ အဲ့သည်တစ်ရာသီနဲ့ မိုဆာလာရဲ့ လေးရာသီထဲက ဘောလုံးရာသီ တစ်ခုခုကို နှိုင်းယှဉ်လို့ မရပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

ဖာဒီနန်က ဆာလာဟာ အရည်အသွေးအားလုံး ပြီးပြည့်စုံတယ်လို့ ခံစားရကြောင်း ပြောဆိုခဲ့တာကို အိုဝင်ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဆာလာ တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အရာတစ်ခုခု ရှိမယ်ဆိုရင် ပြောပြဖို့ မေးမြန်းခဲ့ရာ အိုဝင်က

“ ကျွန်တော် ပြောနိုင်ပါတယ်။ ဆာလာက သွင်းဂိုးအမျိုးပေါင်းစုံ သွင်းနိုင်တဲ့ သူမျိုးလို့ ကျွန်တော်မထင်ဘူး။ ဖြတ်တင်ဘောတွေ လာတဲ့အခါ သူက သိပ်ပြီး မကောင်းဘူးလို့ ထင်ပါတယ်။ အဲ့ဒီ့ ဘောလုံးတွေကို သူက တဖက်ကနေ စောင့်ပြီး ခေါင်းတိုက်တာမျိုး မလုပ်နိုင်ဘူး ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။