မန်ယူအသင်းသားဟောင်းကြီး ဂျပ်စတမ်းက ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဖလားအောင်မြင်မှု အထိမ်းအမှတ် ရန်ပုံငွေပွဲ အဖြစ် မနေ့က အိုထရတ်ဖိုဒ့်မှာ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲအပြီး ဆိုးရှားကို သတိပေးမှု လုပ်ခဲ့ပါတယ်။

စတမ်းက မန်ယူအသင်းထံ အောင်မြင်မှု ဆုဖလားတွေကို ပြန်လည်သယ်ဆောင်လာပေးဖို့ရာ မန်နေဂျာဆိုးရှားအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို အညှာအတာကင်းကင်း လုပ်ဆောင်ဖို့လိုမယ်လို့ ပြောဆိုပါတယ်။

စတမ်းက ” အသင်းရဲ့နေရာစုံမှာ အင်အားဖြည့်ဖို့ သူသေချာလုပ်ဖို့ လိုပါတယ်။ မန်ယူအသင်းသားတွေက အချင်းချင်း ပြိုင်ဆိုင်မှုတွေမှာ ရှေ့ဆက်နိုင်ပြီး တစ်ဦးနဲ့တစ်ဦး တွန်းအားပေးနိုင်ဖို့လိုတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကလပ်အသင်းအနေနဲ့ ဒါတွေကိုကြည့်ဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ခုမှာ မန်ယူရဲ့ အနေအထားကက ဘယ်လိုဖြစ်ခဲ့လဲ။ အသင်းက အရာအားလုံးကို ပြန်လည်ချင့်တွက်တာက ကောင်းပါလိမ့်မယ်။ ကစားသမားတွေကိုပဲ ကြည့်လေ။ သူတို့ လက်ရှိရနေတဲ့ ခံစားခွင့်တွေနဲ့ ထိုက်တန်အောင် ဘာတွေပြန်လုပ်ပေးနိုင်ခဲ့လဲ။

အသင်းနဲ့ စာချုပ် သုံး၊ လေးနှစ်လောက်ထိ ရှိနေသေးတဲ့ ကစားသမားတွေကိုတောင်မှ အသင်း ရှေ့ဆက်ဖို့ရာ သူတို့ကို လိုအပ်ရဲ့လားဆိုတာ ရွေးချယ်ရပါမယ် ” လို့ သတိပေးပါတယ်။