လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ပေါ်တိုနဲ့ပွဲမှာတော့ သူ့ရဲ့ အနီရောင် ကစားသမားဘဝ ပွဲပေါင်း ၄၀၀ ကို ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

မာဆေးဆိုဒ်ကို အသက် ၂၁ နှစ်အရွယ်မှာ ရောက်လာခဲ့ကာ ဆယ်စုနှစ်တစ်ခုကြာ ကစားပေးခဲ့ပြီဖြစ်တဲ့ ဟန်ဒါဆန်ဟာ လီဗာပူးမှာတော့ လူလေးစားခံရမှု မြင့်မားတဲ့ ကစားသမားဖြစ်ပါတယ်။ တစ်ချိန်က စတီဗင်ဂျရတ်ရဲ့ လွှမ်းမိုးမှုတွေကြောင့် ကလပ်ရဲ့ အပြောအခံရဆုံး ကစားသမားဟာ လက်ရှိမှာတော့ လီဗာပူးရဲ့ အကြီးမြတ်ဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီဖြစ်တယ်။

အခုကတော့ ကလပ်အတွက် ပွဲ ၄၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ပတ်သက်ပြီး ဇာတ်လမ်း အနည်းငယ်ကို ပြောပြမှ ဖြစ်ပါတယ်။

ထွက်သွားဖို့ ငြင်းဆိုခြင်း

ဂျော်ဒန် ဟန်ဒါဆန်ရဲ့ လီဗာပူးကစားသမားဘဝ အစောပိုင်းမှာတင် သူဟာ ကလပ်ကို စွန့်ခွာရဖို့ နီးစပ်နေခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နွေရာသီတုန်းက အန်ဖီးအကြီးအကဲတွေဟာ အသင်းအတွက် သက်ရောက်မှုနည်းတဲ့ သူ့ကို ဖူလ်ဟမ်က ကလင့် ဒမ့်ဆေးနဲ့ အလဲအထပ်လုပ်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ထိုစဉ် လီဗာပူးမန်နေဂျာသစ် ဘရန်ဒန် ရော်ဂျာဟာ ဟန်ဒါဆန်ရဲ့ ပွဲဦးထွက်ရာသီအပေါ် စိတ်ကျေနပ်မှုနဲ့ ယုံကြည်မှု မရှိခဲ့တာနဲ့အတူ သူ့ကို ထွက်ခွာစေဖို့ အခွင့် အရေး ပေးခဲ့တာပါ။
ရော်ဂျာက ဟန်ဒါဆန်ကို အတင်းထုတ်ပယ်ဖို့ မကြိုးစားခဲ့ပေမယ့် ကစားသမားချင်း လဲလှယ်ဖို့ တောင်းဆိုတဲ့အခါ ဟန်ဒါဆန်က ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဲ့ဒီ့နှစ်က ဇန်နဝါရီ အပြောင်းအရွှေ့ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး သူဟာ အမှောင်ထုထဲ ရောက်ရှိသွားသလို ဖြစ်ခဲ့ကြောင်း ဟန်ဒါဆန်က ဖွင့်ဟခဲ့ပြီး “ကျွန်တော်က နောက်ဆုံးမှာ အသင်းအတွက် အံဝင်နိုင်တယ်ဆိုတာကို နည်းပြကို သက်သေပြဖို့ လိုအပ်ခဲ့တယ်။ သူ့အသင်း၊ ဒီကလပ်မှာ ပါဝင်ရဖို့ ကျွန်တော် အရာအားလုံး လုပ်မယ်၊ သူတို့တွေ အထင်မှားနေတယ်ဆိုတာ သက်သေပြမယ်ဆိုပြီး တွေးထားခဲ့တယ်။ အဆုံးသတ်မှာ ကျွန်တော် လုပ်နိုင်ခဲ့ပါတယ်”လို့ ပြန်ပြောပြခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်က အလှတရား

ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ နေရာအရ သူဟာ ရံဖန်ရခါမှသာ သွင်းဂိုးအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။ သူဟာ လီဗာပူးရဲ့ ကွင်းလယ်အင်ဂျင်ခန်းမှာ အများကြီး ဦးဆောင်ရပြီး ပြိုင်ဘက်တွေ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ဖို့နဲ့ ဆလာ၊ မာနေးတို့လို တိုက်စစ်ကစားသမားတွေ တောက်ပနိုင်ဖို့ နေရာလွတ် ဖန်တီးပေးရတာပါ။

ညာခြမ်းမှာ ကစားရတဲ့အခါ သူဟာ တောင်ပံတောက်လျှောက် အတက်အဆင်း လုပ်ရတဲ့ ညာအစွန်လူ ထရန့် အလက်ဇန္ဒါး-အာနိုးအတွက် ကာဗာပေးရင်း အချိန်တွေ ကုန်ဆုံးရပါတယ်။ ဟန်ဒါဆန်ဟာ လီဗာပူးကစားသမားဘဝ စုစုပေါင်း ၃၁ ဂိုး သွင်းယူထားသလို ဂိုးပေါက်တွေ့တဲ့ အခါတိုင်းက သူ့သွင်းဂိုးတွေဟာ အမှတ်ရစရာတွေပဲ ဖြစ်နေတတ်ပါတယ်။

သူ့ရဲ့ နောက်ဆုံးဂိုးဟာ ဧရိယာအစွန်းနားကနေ လှပတဲ့ အဝေးကန်ချက်ဖြစ်ပြီး အဲ့ဒီ့ဂိုးဟာ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ လီဗာပူးအတွက် အေစီမီလန်ကို ၃-၂ နဲ့ အနိုင်ရအောင် ကူညီပေးခဲ့တာပါ။

လီဗာပူးအတွက် သူ့ရဲ့ အကောင်းဆုံးဂိုးကတော့ လွန်ခဲ့တဲ့ ၅ နှစ်က ချယ်ဆီးနဲ့ အဝေးကွင်းပွဲမှာပါ။ ဘောလုံးရှင်းထုတ်မှု တစ်ခုက ဂိုးပေါက်နဲ့ ကိုက် ၃၀ အကွာက သူ့ဆီ ရောက်ရှိခဲ့ပြီး ဟန်ဒါဆန်ဟာ ဝေ့ဝိုက်ကန်ချက်နဲ့အတူ ကော်တွာရဲ့ ဒိုင်ဗင်ပစ် ကာကွယ်မှုကို ကျော်ဖြတ်ပြီး ဂိုးထိပ်ထောင့်ထဲကို လှလှပပ ရောက်ရှိစေခဲ့သလို လီဗာပူးကို ၂-၁ နဲ့ အနိုင်ရရှိစေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ က နောဝစ်ချ်နဲ့ပွဲမှာ သူ့ရဲ့ မြေမထိ ကန်ချက်၊ ၂၀၁၅ မန်စီးတီးနဲ့ပွဲမှာ ဝေ့ဝိုက်ကန်ချက်တို့ဟာလဲ အမှတ်ရစရာ အခိုက်အတန့်တွေ ဖြစ်ပါတယ်။

ကပ္ပတိန်၊ ခေါင်းဆောင်၊ ဦးဆောင်သူ

ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ဦးဆောင်မှု အရည်အသွေးဟာ မကြာသေးမီက နှစ်တွေအတွင်း ကွင်းပြင်ပအထိ သက်ရောက်မှု ရှိခဲ့ပါတယ်။ သူဟာ ‘ကိုဗစ်ကာလအတွင်း ဘောလုံးအားကစားနဲ့ ပရဟိတလုပ်ငန်းတွေအပေါ် ကူညီပေးခဲ့မှု’အတွက် ဘုရင်မကြီးရဲ့ ၂၀၂၁ မွေးနေ့ဂုဏ်ပြုမှုမှာ တတိယအမြင့်ဆုံး ဗြိတိန်အင်ပါယာ ဆုတံဆိပ်ဖြစ်တဲ့ MBE ဘွဲ့ကို ရရှိခဲ့တာပါ။

မနှစ်က မတ်လမှာ အင်္ဂလန်နိုင်ငံအတွင်း lockdown ချထားရတဲ့နောက် ဟန်ဒါဆန်ဟာ ကျန်းမာရေးအဖွဲ့အစည်း NHS အတွက် ရန်ပုံငွေရှာဖွေပေးဖို့ တခြားသော ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ဒီဧပြီမှာလည်း သူဟာ ဥရောပစူပါလိဂ်ကို ဦးဆောင်ဆန့်ကျင်ပြီး ပရီးမီးယားလိဂ် ကစားသမားအများစု တိတ်ဆိတ်နေခဲ့တာကို စတင်ဖြိုခွင်းပြီး အသံထွက်ပေးခဲ့တာပါ။

သူဟာ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားမှုနဲ့ လိင်တူနှိမ့်ချခြင်းကို တိုက်ဖျက်ဖို့အတွက် ဦးဆောင်လှုပ်ရှားသူတစ်ဦးလဲ ဖြစ်ပြီး အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို တိုက်ဖျက်ဖို့ သူ့အကောင့်တွေကို အသုံးပြုခွင့် ပေးခဲ့တာလဲ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဘောလုံးသမားတွေအနေနဲ့ ဘာကြောင့် ဘောလုံးကစားဖို့ တခုထဲကိုပဲ အာရုံမစိုက်သင့်ဘူးလဲဆိုတာအတွက် စံပြတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာပွဲမှ သူရဲကောင်း

ဂျော်ဒန်ဟန်ဒါဆန်ရဲ့ အလေးအနက်ထားမှုကို သိသာစေခဲ့တဲ့ အခိုက်အတန့်တစ်ခုက လီဗာပူးသမိုင်းမှာ အကောင်းဆုံး ပွဲတစ်ပွဲမှာ ဖြစ်ခဲ့တာပါ။ ၂၀၁၉ မေလက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို ပထမအကျော့ ၃-၀ နဲ့ ရှုံးထားပြီးနောက် လီဗာပူးဟာ ဆာလာနဲ့ ဖာမီနိုမပါပဲ အားလျော့နေတဲ့ကြားက ဘာစီလိုနာကို အန်ဖီးမှာ လက်ခံကစားခဲ့ရပါတယ်။

အံ့ဩဖွယ်ကောင်းစွာပဲ အိုရီဂီနဲ့ ဝိုင်နယ်ဒန်တို့ဟာ သွင်းဂိုး ၂ ဂိုးစီနဲ့အတူ လီဗာပူးကို ပြန်လာနိုင်စေခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကျော့နိုင်ပွဲမှာ ဟန်ဒါဆန်ရဲ့ အရေးပါမှုကို မေ့ထားလို့မရပါဘူး။ ဘာကာ နောက်ခံလူတွေကြားကနေ ဂိုးရှေ့မှာ သူ့ရဲ့ ကန်ချက်ကို တာစတီဂန် ပုတ်ထုတ်ခဲ့တာက အိုရီဂီဆီ ရောက်ရှိခဲ့တာဖြစ်ပြီး လီဗာပူးအတွက် မျှော်လင့်ချက် စတင်ရာ အဖွင့်ဂိုး ဖြစ်စေခဲ့တာပါ။

ပထမပိုင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီးနောက် သူဟာ မိနစ် ၉၀ အပြည့် ကစားပေးဖို့ရာ အဝတ်လဲခန်းထဲမှာ ဆေးတွေထိုးခဲ့ရတာဖြစ်တယ်။ အဲ့တာကြောင့်ပဲ ဒုတိယပိုင်း တစ်ပိုင်းလုံးကို နာကျင်မှုကြားကနေ ကစားနိုင်စေခဲ့တာ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ၎င်းက ဖွင့်ဟပြောပြခဲ့ပါတယ်။

ဖလားမိုးခေါင်မှုကို အဆုံးသတ်ခြင်း

အထက်မှာ ပြောခဲ့သလိုပဲ ဂျော်ဒန်ဟန်ဒါဆန်က အခုကတည်းက လီဗာပူးဂန္တဝင်တစ်ယောက် ဘာကြောင့် ဖြစ်နေလဲဆိုတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဒါပေမယ့် အန်ဖီး ဂန္တဝင်ဗိမာန်ထဲ သူ့နာမည်ကို ရေးထိုးထားရမယ့် အကြောင်းရင်းက လီဗာပူးကို သူ ဦးဆောင်ပြီး ရယူပေးခဲ့တဲ့ ဆုဖလားကြောင့်ပါ။

နှစ်များစွာအတွင်း ဟန်ဒါဆန် ရယူခဲ့ဖူးတဲ့ ချန်ပီယံဆုတံဆိပ်က ၂၀၁၂ တုန်းက ကာရာဘောင်းဖလားတစ်ခုပဲ ရှိခဲ့ပါတယ်။ လီဗာပူးဟာ ၂၀၁၅-၁၆ ယူရိုပါလိဂ်ဖိုင်နယ်မှာ နာကျင်စရာ ရှုံးနိမ့်မှုကို ခံစားခဲ့ရတာပါ။ နောက် ၂ ရာသီအကြာမှာ သူတို့ဟာ ဒီအရာတွေကို ပြောင်းလဲပစ်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဖလားကို လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့် လီဗာပူးဟာ ၂၀၁၉ မှာတော့ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလားကို ကိုင်မြှောက်ခဲ့ပြီး မက်ဒရစ်မြို့က ဗိုလ်လုပွဲမှာ စပါးကို အနိုင်ရခဲ့ကာ ကလပ်သမိုင်းမှာ ၆ ကြိမ်မြောက် ဥရောပချန်ပီယံ ဖြစ်ခဲ့တာပါ။

အဲ့ဒီ့နောက် လီဗာပူးပရိသတ်တွေဟာ ဟန်ဒါဆန်ရဲ့ အောင်ပွဲခံ အမှတ်အသားဖြစ်တဲ့ Hendo Shuffle ဖလားကိုင်မြှောက်မှု ပုံစံကို မြင်တွေ့ရတာ အသားကျလာခဲ့ပြီး နောက်နှစ်မှာ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို အောင်မြင်ခဲ့ပါတယ်။

လီဗာပူးဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သလို ဟန်ဒါဆန်ဟာ ဆယ်စုနှစ် သုံးခုအတွင်း လီဗာပူးအသင်း လိုလားတောင့်တခဲ့ရတဲ့ ဆုဖလားကြီးကို သိမ်းပိုက်နိုင်အောင် ဦးဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။