မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်းမှာ ရလဒ်ကောင်းများ ရယူနိုင်ခဲ့ခြင်း မရှိဘဲ ရာသီ ပိတ်သိမ်းခဲ့ရသည့် တိုင်အောင် မန်ယူ ပရိသတ်များ အတွက် ကျေနပ် နှစ်သိမ့်စရာ ကိစ္စကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

FanChants ၀က်ဘ်ဆိုဒ်မှ ထုတ်ပြန်တဲ့ အချက် အလက် များ အရ မန်ယူပရိသတ်များရဲ့ သံပြိုင် ဟစ်ကြွေး သီဆိုတဲ့ သီချင်း များဟာ အရည်အသွေးပိုင်း အရရော၊ အရေအတွက် အရမှာပါ ပြိုင်ဘက် အသင်း အားလုံးထက် အပြတ် အသတ် အသာ ရရှိ ခဲ့တာ ဖြစ်ပါတယ်။

မန်ယူ အသင်းမှာ “Ole’s At The Wheel, Late In May 1999, United Road: Take My Home အစ ရှိတဲ့ သီချင်းများ အပါအဝင် အခြားသော သီချင်းပေါင်း (၅၄၃) ပုဒ် အထိ ရှိနေပြီး ကဏ္ဍ ပေါင်းစုံ မှ တွက်ချက်မှုများ အရ မန်ယူ အနေနဲ့ အခုလိုပဲ သံပြိုင် ကြွေးကြော် အော်ဟစ်နိုင်တဲ့ အသင်းများထဲတွင် ရမှတ် (၆၆၄) မှတ်ဖြင့် ထိပ်ဆုံး နေရာ ၌ ရပ်တည်လျက် ရှိကြောင်း သိရှိရပါတယ်။

ဒုတိယ နေရာမှာတော့ နယူး ကာဆယ် အသင်းက ရမှတ် (၅၈၄) မှတ် နဲ့ ရပ်တည် နေပြီး အာဆင်နယ် ၊ ချဲလ်ဆီး အသင်းတို့ကလည်း ထိပ်သီး (၄) သင်း စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းကတော့ အခု စာရင်းမှာ အဆင့် (၉) နေရာမှာသာ ရပ်တည် နိုင်ခဲ့ပြီး လီဗာပူး အသင်းကတော့ အဆင့် (၆) နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။

ယခု စာရင်း နဲ့ ပတ်သက်ပြီး FanChants မှ တာဝန်ရှိသူ တစ်ဦးက “အဓိကအားဖြင့် ကလပ် အသင်းတွေ ဆီမှာ သူတို့ ကိုယ်ပိုင် သီချင်း ဘယ်နှပုဒ်ရှိလဲ ဆိုတာကို အခြေခံထား တွက်ချက်ပြီး ဒီ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။”

“နောက်ပြီး ဒီသီချင်းတွေရဲ့ အရည်အသွေးကိုလည်း ထည့်သွင်း တွက်ချက်ခဲ့ပြီး တချို့ သီချင်းတွေဟာ အခြားသော သီချင်းတွေထက် အများကြီး ပိုကောင်းပါတယ်။ ဥပမာ ပြောရရင် ဂန္တဝင် ဆန်ဆန် ရေးစပ် ထားတဲ့ သီချင်းတွေက ကစားသမား တစ်ယောက် ရဲ့ နာမည်ကို ထပ်ခါတလဲလဲ အော်ပြီး သီဆို နေတဲ့ သီချင်း ထက်စာရင် အမှတ် ပိုရ ပါတယ်။” ဟု ရှင်းလင်း ပြောကြား သွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါပေမယ့် Barclays ရဲ့ ထုတ်ပြန်ချက် အရမူ ယူနိုက်တက် ပရိသတ်တွေဟာ အိမ်ကွင်း အတွင်း အဆူညံဆုံး နေရာမှာတော့ ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ခဲ့ခြင်း မရှိဘဲ ပရိသတ် (၄,၀၀၀) ကျော်ရဲ့ ဆန္ဒမဲပေးမှုအရ လီဗာပူး အသင်း ပရိသတ်တွေကတော့ အင်္ဂလန်က အိမ်ကွင်းပွဲတွေမှာ အဆူညံဆုံး ပရိသတ်များ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

နယူးကာဆယ် အသင်းကတော့ အိမ်ကွင်း အဆူညံဆုံး အသင်းများ စာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး သူ့နောက်မှာတော့ ခရစ္စတယ်ပဲလေ့စ်၊ မန်စီးတီး နဲ့ လိဂ် ချန်ပီယံရှစ် ကလပ် စတုတ်စီးတီး အသင်းတို့ ရပ်တည်လျက် ရှိပါတယ်။

အဝေးကွင်းမှာ အဆူညံဆုံး ပရိသတ် စာရင်းထဲမှာလည်း လီဗာပူး ပရိသတ်များက ပထမနေရာမှာ ရပ်တည်နေပြီး နယူးကာဆယ်၊ ယူနိုက်တက်၊ ဝက်စ်ဟမ်း နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်း ပရိသတ်များက အဆိုပါ စာရင်းမှာ အစဉ်လိုက် ရပ်တည်လျက် ရှိပါတယ်။