လီဗာပူး အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ဟာ ရာသီကုန်မှာ ကလပ်ကနေ ထွက်ခွာတော့မှာပါ။

မကြာသေးမီက ရာသီတွေအတွင်း လီဗာပူးရဲ့ အောင်မြင်တဲ့ လူသစ်ခေါ်ယူမှုတွေမှာ အဓိကကျခဲ့ပြီး အပြောင်းအရွှေ့ဂုရုတစ်ယောက် ဖြစ်ခဲ့တဲ့ အက်ဒ်ဝပ်ဟာ ကလပ်နဲ့ ၁၀ နှစ်တာ ကာလကို အဆုံးသတ်ပြီးတော့ စိန်ခေါ်မှုအသစ်ကို ရှာဖွေတော့မှာ ဖြစ်ပါတယ်။

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ အက်ဒ်ဝပ်ကို စာချုပ်သက်တမ်းတိုးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို လွန်ခဲ့တဲ့ တစ်နှစ်က လက်ထောက်အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးလာတဲ့ ဂျူလီယန်ဝပ်က အက်ဒ်ဝပ် မရှိတဲ့နောက် အရွှေ့အပြောင်းဆိုင်ရာ အကြီးအကဲရာထူးကို တိုးမြှင့် တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

“ကျွန်တော် ကလပ်မှာ အများဆုံး ၁၀ နှစ်အထိပဲ နေဖို့ အမြဲတမ်း စဉ်းစားထားခဲ့တာပါ။ ဒီမှာ အလုပ်လုပ်ရတာကို ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အပြောင်းအလဲတွေအပေါ် ကြီးမားတဲ့ ယုံကြည်မှုရှိသူ တစ်ယောက်ပါ။ ဒါက တစ်ဦးတစ်ယောက်ချင်းအတွက်၊ အလုပ်ထဲမှာရော၊ အလုပ်ရှင်တွေအတွက်ပါ ကောင်းတယ်လို့ ထင်ပါတယ်။

ဒီမှာ ကျွန်တော်ရှိခဲ့စဉ်အတွင်း အရာများစွာကို ပြောင်းလဲခဲ့တယ်။ ပိုကောင်းတာတွေ ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် နောက်ထပ် လူသစ်တစ်ယောက်ယောက်က မတူညီတဲ့အမြင်၊ စိတ်ကူးသစ်တွေကို ယူဆောင်လာမှာဖြစ်ပြီး ကြိုတင်ပြီး နေရာချထားခဲ့တဲ့ အရာတွေအပေါ်မှာ ဆက်လက်တည်ဆောက်တာဖြစ်ဖြစ် ပြောင်းလဲတာဖြစ်ဖြစ် လုပ်ပေးနိုင်တယ်လို့ မျှော်လင့်ပါတယ်”လို့ အက်ဒ်ဝပ်က အိတ်ဖွင့်ပေးစာမှာ ရေးသာားခဲ့တာပါ။

လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်ဟာ အက်ဒ်ဝပ်ရဲ့ ကျွမ်းကျင်မှုတွေကနေ အများဆုံး အကျိုးအမြတ်ရခဲ့သူဖြစ်ပြီး အက်ဒ်ဝပ်ခေါ်ယူပေးခဲ့တဲ့ မိုဆာလာ၊ ဗန်ဒိုက်၊ ဖာဘင်ညိုနဲ့ အယ်လီဆန် တို့ဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဖလားတွေ အောင်မြင်ခဲ့တဲ့ အသင်းရဲ့ အဓိကကျောရိုး ဖြစ်လာခဲ့တာပါ။

“အက်ဒ်ဝပ်က ချက်ချင်း အလောတကြီး ထွက်ခွာမသွားဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ဖို့ အချိန်နည်းနည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ကံကောင်းရင်တော့ လက်ကျန်အချိန်အတွင်း ကလပ်အတွက် ပိုပြီးထူးခြားတဲ့ အမှတ်တရတွေ ဖန်တီးပေးနိုင်လောက်ပါတယ်။

သူက ကလပ်မှာ ကျွန်တော်ရှိနေခဲ့တဲ့ အချိန်အတွင်း အမြဲ အတူရှိနေခဲ့တယ်။ ကျွန်တော်တို့အောင်မြင်မှုတွေအတွက် သူက အဓိက ကူညီပေးခဲ့တယ်ဆိုတာ လူတိုင်း မြင်နိုင်ပါတယ်။ မိုက်ခ်ဂေါ်ဒန်နဲ့ ကလပ်ပိုင်ရှင်တွေရဲ့ အနာဂတ်အမြင်အပေါ်မှာလည်း ကျွန်တော် လုံးဝ ယုံကြည်မှုရှိတယ်။

ဂျူလီယန်နဲ့ ကျွန်တော်က သူ အငှားအပြောင်းအရွှေ့ဆိုင်ရာ မန်နေဂျာ ဖြစ်ခဲ့ကတည်းက နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့တာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၁၂ လအတွင်း သူက လက်ထောက်အားကစားဒါရိုက်တာ ဖြစ်လာတော့ ပိုပြီးတော့တောင် နီးစပ်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီမှာ သိပ်တော်တဲ့လူတွေ အများကြီးရှိပါတယ်။ အဲ့လူတွေက ကျွန်တောတို့ရဲ့ အောင်မြင်မှုတွေမှာ ပါဝင်ကူညီပေးခဲ့တာပါ။ ကျွန်တော်တို့ အသင်းလိုက် ဆက်လက်တိုးတက်လာအောင် လုပ်သွားမယ်လို့ ယုံကြည်မှုရှိပါတယ်”လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

၂၀၁၁ မှာ စပါးရဲ့ ပိုင်းခြားသုံးသပ်ရေး ခေါင်းဆောင်အဖြစ်ကနေ အန်ဖီးထံ ပြောင်းရွှေ့လာခဲ့တဲ့ အက်ဒ်ဝပ်ဟာ ဘောလုံးအားကစား တိုးတက်ရေးကို စီမံကွပ်ကဲနိုင်ခဲ့ပြီး လူသစ်ခေါ်ယူမှုနဲ့ အပြောင်းအရွှေ့ လုပ်ငန်းတွေ အောင်မြင်မှုရခဲ့တာတွေအတွက် ထပ်တူချီးကျူးမှုကို ရရှိခဲ့တာပါ။

လီဗာပူး ဒါရိုက်တာနဲ့ FSG ရဲ့ ဥက္ကဌဖြစ်တဲ့ ဂေါ်ဒန်ကလည်း အက်ဒ်ဝပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် အခုလို ချီးမွမ်းစကားဆိုခဲ့ပါတယ်။

“မိုက်ကယ်ဟာ အသင်းပြန်လည်တည်ဆောက်ရေးနဲ့ ဒီနေ့ ကျွန်တော်တို့ မြင်နေရတဲ့ ကလပ်ဖြစ်လာအောင် ပုံသွင်းပေးရာမှာ ပါဝင်ကူညီပေးခဲ့တဲ့အတွက်ကြောင့် သူ့ရဲ့ အကူအညီပေးမှုတွေနဲ့ အောင်မြင်မှုတွေက အမြဲတမ်း အရေးပါနေမှာပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။