ဖာမီနို ဒဏ်ရာရသွားပေမယ့် လီဗာပူးအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း အလောတကြီး လူဝယ်ဖို့ မလိုအပ်ဘူးလို့ အသင်းကစားသမားဟောင်းကြီး စတိဗ် မက်မန်နာမန်းက ယုံကြည်နေပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာ ဒီလအစက အက်သလက်တီကို မက်ဒရစ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအတွင်း တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး အန်ဖီးမှာ ဒုတိယပိုင်း ၃၃ မိနစ် ကစားပြီးနောက် လူစားလဲလိုက်ရတာ ဖြစ်ပါတယ်။

ဖာမီနိုဟာ ကြွက်သားပြဿနာကြောင့် အနည်းဆုံး လေးပတ် အနားယူရမှာဖြစ်တာကြောင့် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်ကာလမှာ ပထမဦးစားပေး တိုက်စစ်မှူးတစ်ယောက်မပါပဲ ကစားရမှာ ဖြစ်ပါတယ်။

ဒီရာသီ လိဂ် ၈ ပွဲမှာ ၄ ဂိုးသွင်း၊ ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ဖာမီနို မရှိတာက လီဗာပူးအတွက် ဇန်နဝါရီမှာ တိုက်စစ် ကစားသမားသစ်တစ်ယောက် ခေါ်ယူဖို့ စဉ်းစားလာရနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း မက်မန်နာမန်းက ဖာမီနိုက မကြာခင် ပြန်သက်သာလာမို့ အစားထိုးလူသစ် ခေါ်ယူဖို့ မလိုဘူးလို့ ထင်မြင်နေပါတယ်။

“ရောဘတ်တို ဖာမီနိုရဲ့ ဒဏ်ရာကြောင့် လီဗာပူးအနေနဲ့ ဇန်နဝါရီမှာ အလောတကြီး လူသစ်ဝယ်ဖို့ မလိုပါဘူး။ တံကောက်ကြောဒဏ်ရာတွေမှာ မတူညီတဲ့ ပြင်းထန်မှုအဆင့်တွေ ရှိတယ်။ ဒါပေမယ့် ဖာမီနိုကတော့ ဇန်နဝါရီလောက်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အိုရီဂီကလည်း ခဏတာ ကစားခွင့်ရတဲ့အချိန်မှာ ကောင်းကောင်းလုပ်ပြခဲ့တာပါ။ ပရက်စတန်နဲ့ လိဂ်ဖလားပွဲမှာ သူအရမ်းကောင်းခဲ့တယ်။ ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တယ်။ သူက တကယ်ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

လီဗာပူးမှာ ရှိပြီးသားအရာတွေနဲ့ မတူညီတာကို သူပေးနိုင်ခဲ့တယ်။ ထူးထူးခြားခြား တောင့်တင်းတဲ့ ကစားသမားမဟုတ်တာတောင်မှ သူက အရပ်ရှည်တာကြောင့် အမြင့်ဘောတွေမှာ ပြဿနာတွေ ပေးခဲ့ပါတယ်။

လူဝယ်ဖို့အတွက်တော့ လီဗာပူးအနေနနဲ့ လောကြီးဖို့ အကြောင်းမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် တခြား တိုက်စစ်မှူးတစ်ယောက်ယောက် ဒဏ်ရာရသွားရင်တော့ စဉ်းစားနိုင်ပါတယ်။

အက်သလက်တီကိုနဲ့ ပွဲမှာ ဒဏ်ရာရပြီးတော့ ဖာမီနို ကွင်းထဲကနေ ထွက်ခွာသွားပုံကို ကြည့်ရသလောက် သိပ်မပြင်းထန်တာမို့ ဇန်နဝါရီမှာ ပြန်ကောင်းလာလောက်မှာပါ။ အိုရီဂီနဲ့ မီနာမီနိုတို့ကလည်း ရေတို အစားထိုးစရာ ဖြစ်နိုင်ပါတယ် ” လို့ ၎င်းက ဆိုပါတယ်။

လီဗာပူးဟာ နိုင်ငံတကာ သီတင်းပတ်ပြီးရင် အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။