လီဗာပူးအသင်းခေါင်းဆောင်ဟောင် စတီဗင်ဂျရတ်က နောက်လ အန်ဖီးမှာ ကစားရမယ့် အမှတ်ပေးပွဲမှာ အသင်းဟောင်းကို ပြန်ရင်ဆိုင်ခြင်းအတွက် ထွက်ပေါ်လာမယ့် ဆူညံသံတွေကို လျစ်လျူရှုဖို့ အကောင်းဆုံး လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗီလာနည်းပြဘဝ ဂျရတ်ရဲ့ ပထမဆုံးပွဲဟာ စနေနေ့ ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ အသင်းဟောင်း လီဗာပူးနဲ့ ကစားရဖို့ ရှိနေပါတယ်။ လီဗာပူးမြို့ဖွား၊ လီဗာပူးအသင်းဟောင်း ဂျရတ်ကတော့ ဇာတ်လမ်းတွေကို ခပ်မြန်မြန်ပဲ အဆုံးသတ်ပေးဖို့ စဉ်းစားထားပြီး အန်ဖီးကွင်းမှာ သူဟာ ဗီလာနည်းပြအဖြစ် ဗီလာအတွက်ပဲ အားထုတ်ပါမယ်လို့ ထုတ်ပြောခဲ့တာဖြစ်တယ်။

“ ဒီမှာ။ ကျွန်တော် ဒါမှမဟုတ် တခြားသူတွေက ဘေးက အသံဗလံတွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော့်အတွက် အဲ့လို ဘေးက အသံတွေကက အရေးမကြီးပါဘူး။ အရေးကြီးတာက အန်ဖီးကို သွားပြီး အနိုင်ယူနိုင်ဖို့ပဲ။ ဒါက ပွဲတိုင်းမှာ ကျွန်တော် ထည့်ထားမယ့် စိတ်ဓာတ်ပါ။

ကျွန်တော်က ကစားတဲ့ပွဲတိုင်းကို အနိုင်ယူချင်တယ်။ နေ့တိုင်း ကျွန်တော် အားထည့် လုပ်သွားမယ့် အရာတွေနဲ့ ကျွန်တော့်ရဲ့ အဓိက အာရုံစိုက်စရာက အက်စ်တွန်ဗီလာအတွက်ပဲ ဖြစ်မှာပါ။ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ဒီက အဖွဲ့ဝင်တွေကို ကျွန်တော် အာမခံနိုင်တဲ့ အရာတစ်ခုက ကျွန်တော် တစ်ခုခုကို လုပ်မယ်ဆိုရင် အားကုန်ထုတ် ကြိုးပမ်းသွားမယ်ဆိုတာပါပဲ ” လို့ ဂျရတ်က ပြတ်ပြတ်သားသား ပြောဆိုခဲ့တာပါ။

အက်စတွန်ဗီလာ နည်းပြရာထူးဟာ ဂျရတ်အတွက်တော့ သူ့နည်းပြဘဝ အမြင့်မားဆုံးသော အဆင့်ပဲ ဖြစ်ပါတယ်။ ဂျရတ်ဟာ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ ဖိအားများစွာကို ကိုင်တွယ်ဖူးတာကြောင့် သူ့ရဲ့ ဗီလာ နည်းပြဘဝဟာ ကလေးချော့ ပုံပြင်တွေလို လွယ်ကူနေမှာ မဟုတ်ဘဲ များစွာသော ခက်ခဲမှုတွေကို ရင်ဆိုင်မှာကို နားလည်ပါတယ်။

“ လိဂ်တွေက အဆင့်အတန်း အရမ်းကွာခြားတယ်ဆိုတာကို ကျွန်တော် လေးစားဖို့ လိုတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ခွဲအတွင်း ကျွန်တော် အများကြီး သင်ယူခဲ့ပါတယ်။ ကျွန်တော်က အနိုင်ရရှိဖို့ ဖိအားတွေ၊ တောင်းဆိုမှုတွေအောက်မှာ နေထိုင်ခဲ့တာပါ။ အောင်မြင်အောင် တည်ဆောက်ရမယ့် အလုပ်က ကြီးမားခဲ့ပါတယ်။

ကျွန်တော် ခေါင်းကိုမော့ပြီး ထွက်လာနိုင်တယ်။ နောက်ထပ် လိဂ်တစ်ခုမှာ ကျွန်တော် အသားကျအောင်လုပ်ဖို့ လိုတယ်။ ကျွန်တော် ဒီလိဂ်မှာ နှစ်တွေအများကြီး ကစားခဲ့တယ်။ တကယ်တော်တဲ့ နည်းပြတွေ အများကြီးအောက်မှာ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ် ” လို့ ဂျရတ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။