အသက် ၂၀ အရွယ် ညာအစွန်လူ နီကိုး ဝီလီယမ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လီဗာပူးအတွက် စတင် ပွဲထွက်လာပေးပြီးတဲ့နောက် စီနီယာကစားသမားအဖြစ် ၂၈ ပွဲ ကစားခဲ့ပြီ ဖြစ်ပါတယ်။

ဝီလီယမ်ဟာ မန်နေဂျာကလော့ပ်ရဲ့ ယုံကြည်ခြင်း ခံထားရတဲ့ အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ထရန့်ရဲ့နောက် ညာအစွန်အတွက် ဦးစားပေး ကစားသမားလည်းဖြစ်ပါတယ်။ သူဟာ လီဗာပူးပရိသတ်တွေကြား နာမည်သတင်း မထင်ရှားပေမယ့်လို့ ဝေလ်းလက်ရွေးစင်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် လက်ရွေးစင်အသင်းရဲ့ အချစ်ခံ ကစားသမားတစ်ဦးအဖြစ် တောက်ပလာနေပါတယ်။

ဝေလ်းမှာ ခြေစွမ်းပိုင်း တောက်လျှောက် တိုးတက်နေတဲ့ နီကိုးကို ပုံမှန်ပွဲကစားခွင့်အတွက် အသင်းပြောင်းဖို့ထိတောင် ဝေလ်းအသိုင်းအဝိုင်းဘက်က တိုက်တွန်းနေကြတာဖြစ်ပါတယ်။ လီဗာပူးအသင်း ဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာတော့ အက်ဆာ လေ့ကျင့်ရေးအတွင်း ဆာလာ၊ မာနေးတို့နဲ့ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားရခြင်းကြောင့် ခြေစွမ်း တိုးတက်လာရတယ်လို ညာအစွန်လူက ပြောပြခဲ့ပါတယ်။

” ကျနော် အသင်းနဲ့ စာချုပ်သစ်မှာ လက်မှတ်ထိုးခဲ့တည်းက ကစားသမားတစ်ယောက်အဖြစ် တိုးတက်လာဖို့ကပဲ အရေးကြီးဆုံး ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ မိုဆာလာ၊ ဆာဒီယို မာနေးတို့နဲ့ အမြဲ ရင်ဆိုင်နေရတာကလည်း ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေပါတယ်။

ကျနော်ရဲ့ ပွဲတွေမှာ ပိုပြီး ရင့်ကျက်လာပြီလို့ ခံစားရတယ်။ အထူးသဖြင့် ဆာလာ၊ မာနေးတို့နဲ့ နေ့စဉ်တိုင်းမှာ အတူတကွ လေ့ကျင့်နေရမယ်ဆိုရင်ပေါ့။ ခက်ခဲပေမယ့်လည်း ကျနော်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာဖို့ ဒီ လေ့ကျင့်မှုတွေက အကူအညီဖြစ်စေတယ်လို့ ခံစားရပါတယ်။

ပုံမှန်အားဖြင့် ပွဲမစတင် တစ်ရက်မှာ ကျနေ်ာတို့က ပွဲထွက်လူစာရင်း ၁၁ ဦးနဲ့ ပွဲနေ့မှာ အရန်လူစာရင်းကပါမယ့် အသင်းသားတွေရယ်၊ ကျန်အသင်းသားတွေရယ် ပေါင်းထားတဲ့ ၁၁ ဦးတိုကို ယှဉ်ပြိုင်ကစားစေလေ့ ရှိပါတယ်။

ဒီတော့ ပွဲတွေမှာ ပွဲထွက်လူစာရင်းက ပါဝင်မယ့် ဆာလာ၊ မာနေးတို့နဲ့ ကျနော်က အမြဲတမ်း ရင်ဆိုင်ရတော့တာပေါ့။ အဲ့တာကပဲ ကျနော်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာပါတယ်။ သူတို့ထံကနေ ကျနော် သင်ယူနေပါတယ်။ လေ့ကျင့်ရေးမှာ သူတို့နဲ့ ရင်ဆိုင်ရတာက ကျနော်အတွက် တိုက်ပွဲ အသေးစားလေးတွေဖြစ်ပြီး အဲ့လို ယှဉ်ပြိုင်ရတာကို ပျော်ရွှင်မိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

နီကိုးဟာ လီဗာပူးအသင်းရဲ့ ဖလားပွဲစဉ်တွေမှာ ပါဝင်ခွင့်ရနေပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ကာရာဘောင်းပွဲမှာတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရတဲ့ထိပါ တောက်ပခဲ့တာပဲ ဖြစ်ပါတယ်။