၂၀၁၇ မှာ ချယ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဆိုလန်ကီးဟာ ကော်စတာ၊ ဘတ်ရှူဝါရီတို့ရဲ့နောက် အရန်လူအဖြစ် ရှိနေရမယ့် အနေအထားကြောင့် ပွဲကစားခွင့်ကို စိန်ခေါ်ဖို့ လီဗာပူးထံ စွန့်ခွာလာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံရှစ်ရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်သမား ဆိုလန်ကီးက “ ချယ်ဆီးမှာ ကျွန်တော့်စာချုပ် ကုန်ဆုံးခဲ့ပြီးတော့ ရွေးချယ်စရာတွေကို စဉ်းစားနေတုန်းက လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရခဲ့တယ်။ သူတို့က ကြီးမားတဲ့ ကလပ်တစ်ခုဖြစ်ပြီး လူငယ်ကစားသမားတွေကို အခွင့်အရေး ပေးချင်တယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါကြောင့် အဲ့ဒီ့ကို သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ယာဂင်ကလော့ပ်နဲ့ တွဲလုပ်ရတာက တကယ်ကိုကောင်းခဲ့ပါတယ်။ သူလုပ်ခဲ့တာတွေက အံ့ဩစရာပဲ။ အသင်းမှာ သူ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကို ကျွန်တော် မျက်မြင်တွေ့ခဲ့ရတယ်။ သူက ကစားသမားတွေကို တကယ်ဂရုစိုက်ပြီး သူတို့ကို အနိုင်ရသူတွေအဖြစ် ပုံသွင်းပေးခဲ့တာပါ” လို့ ဆိုပါတယ်။

ဆိုလန်ကီဟာ ဆာလာ၊ ဖာမီနို၊ မာနေးတို့အပါအဝင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတချို့နဲ့ တွဲလုပ်ခဲ့ရာကနေ အကျိုးရရှိခဲ့ပါတယ်။ သူတို့တွေဟာ တွဲဘက်ကစားရာမှာ ပြီးပြည့်စုံနေခဲ့တာကြောင့် သူ့အနေနဲ့ အနောက်မှာသာ နေခဲ့ရပေမယ့် လီဗာပူးရဲ့ တိုက်စစ်ကို ကြည့်ရတာက ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

“ သူတို့တွေက ထိပ်တန်းအဆင့်မှာ အကြာကြီး ကစားပြနေခဲ့တာပါ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေ သင်ယူနိုင်ခဲ့တယ်။ ဘယ်သူကမှ သူတို့သုံးယောက်ကို ကျော်နိုင်မယ် မထင်ဘူး။ အဲ့ဒီ့မှာတုန်းက ကျွန်တော်က အခုလောက် ကောင်းကောင်း မလုပ်နိုင်ခဲ့တာကြောင့် ပါချီပါချက်လေး ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ့လို အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ထိပ်တန်းအသင်းတစ်သင်းမှာ နေရာရဖို့ဆိုတာ အမြဲတမ်း ခက်ခဲတာပါပဲ ” လို့ ဆိုလန်ကီးက ရှင်းပြတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ အရန်ခုံထိုင်ခဲ့ရတဲ့ အချိန်က ဆိုလန်ကီးအတွက် အမှတ်ရစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ မန်စီးတီး၊ ရိုးမားတို့နဲ့ ရှုံးထွက်ပွဲတချို့မှာ လူစားဝင်ကစားခဲ့ရပြီး ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာတောင် အသင်းလူစာရင်းထဲ ပါဝင်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။

“ အဲ့ဒါက ရူးလောက်စရာပဲ။ ဖိုင်နယ်ပွဲအတွက် ပြင်ဆင်မှုက သိပ်ကောင်းခဲ့ပြီး အဲ့ဒီ့ကိုရောက်ဖို့ ခရီးလမ်းက အံ့ဩစရာကောင်းခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရမခဲ့လို့ စိတ်မကောင်းပေမယ့် နောက်နှစ်ကျတော့ သူတို့တွေ အောင်မြင်ခဲ့ပါတယ် ” လို့ အင်္ဂလန်တိုက်စစ်သမားက ပြောပါတယ်။

လီဗာပူးမှာ ဒုတိယရာသီအတွင်း ဆိုလန်ကီအတွက် အခွင့်အရေးတွေ ရဖို့ ပိုခက်ခဲလာတာကြောင့် သူဟာ ဇန်နဝါရီမှာ ဘုန်းမောက်ထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ခုလိုအနေအထားနဲ့ဆို အန်ဖီးမှာ သူ ကစားချိန်တွေ ပိုရခဲ့မှာဆိုပေမယ့် အဲ့ဒီ့တုန်းက အချိန်တွေကို သူက ပျော်ရွှင်စရာအဖြစ် အမှတ်ရနေတုန်းပါ။

“ ကျွန်တော် လီဗာပူးမှာ ပျော်ရွှင်ခဲ့ရပြီး အများကြီး သင်ယူခဲ့ရတယ်။ ကျွန်တော်က လူကောင်းတွေ၊ ထိပ်တန်းကစားသမားတွေနဲ့အတူ ရှိနေခဲ့ရတာပါ။ ကျွန်တော် လုံးဝနောင်တမရဘူး။ ဒီအတိုင်း အပြင်ထွက်ပြီး ကစားချင်ခဲ့ရုံပါပဲ။ ဘုန်းမောက်ရဲ့ ကစားပုံနဲ့ နည်းပြက ကျွန်တော့်ကို ဆွဲဆောင်ခဲ့တယ်။ ဒါက ကျွန်တော့်အတွက် မှန်ကန်တဲ့ ခြေလှမ်းဖြစ်ခဲ့တယ်လို့ ခံစားရပါတယ်” လို့ သူက ပြောပါတယ်။

စိတ်လှုပ်ရှားစရာ လူငယ်ခြေတက်တွေ၊ ဟိုဝီရဲ့ ဆွဲဆောင်မှုရှိတဲ့ ကစားပုံနဲ့အတူ ဘုန်းမောက်ဟာ ဆိုလန်ကီ တောက်ပဖို့ ပြီးပြည့်စုံတဲ့ စင်မြင့်တစ်ခု ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းရချိန်မှာ သူက ဂိုးရှေ့မှာ ရုန်းကန်ခဲ့ရတာပါ။

သူ့ရဲ့ဂိုးမိုးခေါင်မှုကြောင့် ဝေဖန်မှု များစွာနဲ့ ဖိအားတွေအောက် ရောက်ခဲ့ရပေမယ့် ဆိုလန်ကီဟာ ကလပ်ရဲ့ တန်းဆင်းရမှုကို သူ့အတွက် အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။ ဒုတိယတန်းလိဂ်ကို ဆင်းခဲ့ရပြီးကတည်းက သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်ရှာတွေ့ခဲ့တာပါ။

“ ကျွန်တော် ပရီးမီးယားလိဂ်ကို ပြန်သွားချင်ခဲ့ပြီး အဲ့ဒီ့မှာလည်း ပုံမှန်ဂိုးသွင်းသူ ဖြစ်နိုင်တယ်ဆိုတာ သက်သေပြချင်တယ်။ ဒါက အခုချိန်မှာ ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်ပါပဲ။ အဲ့ဒီ့တုန်းက အခုချိန်ကို ယှဉ်ရင် ကျွန်တော့်ရဲ့ ယုံကြည်မှုပိုင်းမှာ အများကြီး ကွာသွားပြီ။

ကျွန်တော် အခု ပိုရင့်ကျက်လာပြီး ပိုသန်မာလာတယ်။ ဒါတွေက သေချာပေါက် အကူအညီဖြစ်မှာပါ။ ကျွန်တော်ပိုပြီး ပြီးပြည့်စုံလာတယ်လို့ ခံစားရတယ်”လို့ ဆိုလန်ကီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။