ပေါ်တိုနဲ့ ယှဉ်ပြိုင်ရမယ့် ကြားရက် ချန်ပီယံလိဂ်ပွဲမှာတော့ လူငယ်ကစားသမားလေး ဂေါ်ဒန် ပါဝင်ကစားခွင့်ရမှာ မဟုတ်တာကြောင့် ကလော့ပ်ဟာ မီနာမီနိုကို နေရာပေးဖွယ် ရှိနေပါတယ်။

ဂေါ်ဒန်ဟာ လီဗာပူးအသင်းရဲ့ ၅ ဦးမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် နော့ဝစ်ချ်ကို အနိုင်ရတဲ့ ကာရာဘောင်းပွဲမှာ ပါဝင်ကစားခဲ့သူဖြစ်တယ်။ သူဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ‘List A’ ကနေ ပါဝင်ထားခြင်း မရှိသူလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ စည်းကမ်းအရ ‘List A’ စာရင်းမှာ ကစားသမား ၂၅ ဦး ပါဝင်ခွင့်ရှိသလို အနည်းဆုံး ၈ ဦးဟာ ကလပ်က လေ့ကျင့်ပေးထားတဲ့ ဒေသခံတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ‘List B’ မှာတော့ ၂၀၀၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းဖွားတွေ ပါဝင်ခွင့်ရပြီး အသက် ၁၅ နှစ်ပြည့်ပြီးနောက် သက်ဆိုင်ရာ ကလပ်အတွက် အနည်းဆုံး ၂ နှစ် ကစားပေးထားသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ‘List B’ အတွင်းက ကစားသမားတွေဟာ တူညီတဲ့ လိဂ်ပြိုင်ပွဲအတွင်းမှာ အနည်းဆုံး ၁ ရာသီ အငှားထွက်နိုင်ခြင်း အပါအဝင် ကလပ်တွေမှာ ၃ ရာသီ ကစားထားသူလည်း ဖြစ်ရမှာဖြစ်တယ်။ ကုန်ခဲ့တဲ့ ၂ နှစ်အတွင်း ကလပ် ကစားသမားအဖြစ် မှတ်ပုံတင်ထားဖို့ လိုပါတယ်။

ဂေါ်ဒန်ကတော့ ဒီနှစ်အစပိုင်းကမှ လီဗာပူးထံ ရောက်လာသူဖြစ်လို့ သက်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဒါကြောင့် အာဆင်နယ်ပွဲမှာ အရန်စာရင်းက ပါဝင်ခဲ့တဲ့ တိုက်စစ်သမားက ချန်ပီယံလိဂ်မှာတော့ လူငယ်အသင်းအတွက်ပဲ ကစားပေးနိုင်မှာ ဖြစ်ပါတယ်။

ဖာမင်နို အနားယူနေရသလို ဂျိုတာလည်း ဒဏ်ရာရခဲ့တဲ့ အနေအထားမှာ အိုရီဂီကလည်း အဖျားကြောင့် အာဆင်နယ်ပွဲကို လွဲချော်ထားပါတယ်။ ဂန်းနားနဲ့ပွဲ အရန်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ မော်တန်၊ ဘရတ်ဒလေနဲ့ အိုဝင်ဘက်တို့ကိုတော့ ပေါ်တိုပွဲမှာ ရွေးချယ်လို့ ရနိုင်ပေမယ့် ကလော့ပ်က အစွန်တွေမှာ နီကိုးနဲ့ ကိုစတက်ကို ပိုမို နေရာပေးဖို့ရှိပြီး မော်တန် တစ်ဦးတည်း ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားဖို့ အခွင့်အရေး များနေပါတယ်။