ယူနိုက်တက်မန်နေဂျာဟောင်း ဆိုးရှားက သူ့ရဲ့ နှုတ်ဆက် အင်တာဗျူးမှာ ” ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို ကျော်ပြီး မနှစ်တုန်းက ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရခဲ့တာက ကြီးမားတဲ့ အောင်မြင်မှုပါပဲ ” ဆိုပြီး မနှစ်က လီဗာပူးရဲ့ အထက်မှာ ရပ်တည်နိုင်ခြင်းကို ဂုဏ်ယူကြောင်း ထည့်ပြောခဲ့ပါတယ်။

ဒီနွေမှာ လီဗာပူးက ယူနီယံ ဘာလင်ကို ယူရို ၆.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တဲ့ အဝန်နီယီဟာ ဘွန်ဒက်လီဂါ ဂိုးသွင်းဘုရင်စာရင်းမှာ လီဝမ်ဒေါစကီး (၁၄ ဂိုး)၊ ဟာလန်း (၉ ဂိုး) တို့နောက် သွင်းဂိုး ၈ ဂိုးဖြင့် တတိယနေရာမှာ ရှိနေပါတယ်။

၂၀၂၃ ခုနှစ်မှာ လီဗာပူးနဲ့ စာချုပ်ကုန်မယ့် မာနေးဟာ အသင်းနဲ့ သက်တမ်းတိုးလိုပေမယ့် ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဆိုတာကို ကိုယ်စားပြုမယ့် လုပ်ခတိုးမြှင့်ပေးမှုကို တောင်းဆိုဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က အာဆင်နယ်ပွဲမှာ လူစားဝင်လာပြီး ဂိုးသွင်းခဲ့တဲ့ တိုက်စစ်သမား မီနာမီနိုကို ပွဲထွက်ခွင့်တွေ ထပ်မံ ပေးသွားပါမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးလူငယ်ကြယ်ပွင့် မော်ဆန်က အသင်းမှာ သူ့အပေါ် လွှမ်းမိုးမှု အရှိဆုံး စံနမူနာ ကစားသမားတွေက ဟန်ဒါဆန်နဲ့ ဂျိမ်းမီလ်နာတို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ရမ်ဆေးက လီဗာပူးအသင်းကို ဂန်းနားတို့ စံနမူနာအဖြစ် အတူယူပြီး အဲ့လိုအဆင့်ထိ တိုးတက်လာရပါမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ညာအစွန်လူ ထရန့်က အသင်းလိုက်က ဦးစားပေးဖြစ်ပေမယ့်လို့ တစ်ဦးချင်းအနေအထားမှာလည်း လိဂ်ရဲ့ စံချိန်တင် ကစားသမားဖြစ်လာဖို့ ရည်မှန်းနေပါတယ်။ သူဟာ ဒီရာသီ လီဗာပူးအတွက် ဂိုးထောက်ပံ့မှု ၁၅ ကြိမ်နဲ့ ၂၀ ကြိမ်လောက်ထိ ရလိုနေပါတယ်။

ချယ်ဆီးဂန္တဝင်ကြီး ဂျွန်တယ်ရီကတော့ လီဗာပူးခံစစ်ဟာ ဗန်ဒိုက် ဦးဆောင်မှုနဲ့အတူ ကျစ်လစ် ခိုင်မာနေဆဲဖြစ်သလို တိုက်စစ်ကလည်း ဂိုးတွေ သွင်းနိုင်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင်ကြီး ဂယ်ရီနဗီးက လီဗာပူးရဲ့ ပွဲထွက် ၁၁ ဦးက တောင့်တင်းပေမယ့်လို့ ဒဏ်ရာရခဲ့ရင် အစားထိုးဖို့ အင်အားချို့တဲ့တာက မန်စီးတီး၊ ချယ်ဆီးနဲ့ အဓိက ကွာဟချက်လို့ ပြောပါတယ်။