သီယာဂို အယ်ကန်တာရာဟာ ယာဂန်ကလော့ပ်နဲ့ ပက်ဂွာဒီယိုလာကြား ကွာခြားချက်ကို ပြောပြခဲ့ပြီး လီဗာပူးဟာ သူ့အသင်းဟောင်း ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့လို လွှမ်းမိုးမှုမျိုး ဖန်တီးချင်နေတယ်လို့ ယုံကြည်နေပါတယ်။

ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဟာ ဘွန်ဒက်စ်လီဂါမှာရော ပရီးမီးယားလိဂ်မှာပါ အပြိုင်အဆိုင် ဖြစ်ခဲ့ပြီး သူတို့ခေတ်ရဲ့ အအောင်မြင်ဆုံး နည်းပြတွေအဖြစ် ထင်ရှားသူတွေပါ။ သီယာဂိုဟာ ဂွာဒီယိုလာလက်အောက် နူးကမ့်မှာ ၃ ရာသီ၊ ဘိုင်ယန်မှာ ၃ ရာသီ ကစားခဲ့ပြီးနောက် မနှစ်က စက်တင်ဘာမှာ အန်ဖီးထံ ပြောင်းရွှေ့ခဲ့ပြီး ကလော့ပ်နဲ့ တွဲလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ ယာဂင်နဲ့ ပက် တို့ကြားက ကွာခြားချက်ကို မြင်နိုင်ပါတယ်။ သူတို့နှစ်ယောက်လုံးမှာ တူညီတဲ့ အကျင့်စရိုက်ရှိပြီး သူတို့စိတ်ကြိုက် စုဖွဲ့မှု ရှိတယ်။ ကစားသမားတွေကို ပိုကောင်းကောင်းစွမ်းဆောင်နိုင်အောင်၊ ခက်ခဲတဲ့ အခြေအနေတွေမှာ ကူညီနိုင်အောင် ဘာလုပ်ရမလဲဆိုတာ သူတို့သိတယ်။

တူညီမှုတွေရှိပြီး ကွာခြားမှုတွေကိုလည်း သူတို့အသင်းတွေရဲ့ ကစားပုံကနေ မြင်နိုင်ပါတယ်။ တစ်သင်းက ဘောလုံးပိုင်ဆိုင်မှု ပိုသာပြီး တစ်သင်းက ထိန်းချုပ်မှုအပိုင်းမှာ ပိုကောင်းတယ်။ နှစ်သင်းလုံးက အကောင်းဆုံး နည်းလမ်းတွေနဲ့ လိုချင်တာကို ကြိုးစားလုပ်ဆောင်နေကြတာပါ”လို့ သီယာဂိုက ဆိုပါတယ်။

သီယာဂို ရှိခဲ့စဉ်အတွင်း ဘာစီလိုနာဟာ အဓိကဖလား ၁၀ လုံးအောင်မြင်ခဲ့ပြီး စပိန်သားဟာ ဘိုင်ယန်မှာတော့ ၁၅ လုံး အောင်မြင်ခဲ့တာပါ။ အသက် ၃၀ အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ အောင်မြင်ခဲ့တဲ့ လက်ရှိ လီဗာပူးအသင်းမှာလည်း အလားတူ လက္ခဏာတွေ ရှိနေတယ်လို့ မြင်ပါတယ်။

“ ကျွန်တော့်အနေနဲ့ အကောင်းဆုံး အသင်းတွေမှာ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲကစားခွင့်ရခဲ့တာ ကံကောင်းပါတယ်။ သူတို့တွေက မတူညီတဲ့ နည်းလမ်းတွေနဲ့ ကစားကြတယ်။ တစ်သင်းနဲ့တစ်သင်း မတူရုံတင်မက နှစ်တိုင်းမှာ အသင်းတိုင်းက ပုံစံအမျိုးမျိုးနဲ့ ကစားကြတာပါ။

ပက်နဲ့ အန်ဆယ်လော့တီနဲ့ မတူခဲ့သလို ဗီလာနိုဗာကလဲ ပက်နဲ့မတူဘူး။ ဟန်ဆီဖလစ်ကလည်း သူ့ပုံစံနဲ့သူ။ သူတို့တွေက အံ့ဩစရာကောင်းတဲ့ ကစားသမားတွေနဲ့ နှစ်တိုင်း အောင်မြင်တဲ့အသင်းတွေ ဖြစ်ခဲ့တာပါ။

ကျွန်တော်တို့က ဘိုင်ယန်မှာရော ဘာကာမှာပါ လွှမ်းမိုးထားခဲ့တယ်။ အခု လီဗာပူးနဲ့လည်း အဲ့လိုပါပဲ။ ကျွန်တော်က အများကြီး အောင်မြင်ထားပြီးသားဖြစ်တဲ့ အသင်းတစ်သင်းကို ရောက်လာခဲ့တယ်ဆိုပေမယ့် သူတို့တွေက နောက်ထပ် အများကြီးး အောင်မြင်ဖို့ ရည်မှန်းထားတာပါ။

ကျွန်တော်က ရင့်ကျက်ပြီးသား အသင်းတစ်သင်းဆီ ရောက်လာခဲ့တာဖြစ်ပြီး ဒီအသင်း၊ ဒီကစားသမားတွေနဲ့အတူ လူငယ်တွေကိုပါ တွဲခေါ်ပြီး ပိုရှည်ကြာတဲ့ လမ်းကို လျှောက်ချင်နေတာပါ။ ဒါက ကျွန်တော် ကစားခဲ့ဖူးတဲ့ အသင်းတိုင်းမှာရှိတဲ့ စိတ်အားထက်သန်မှု၊ ပြိုင်ဆိုင်မှုပြင်းထန်မှုတွေနဲ့ အတူတူပါပဲ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။