မန်ယူ လူငယ်ခံစစ်မှူး ဒါလော့က အသင်းရဲ့ဂန္တဝင်ကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုကို ၄င်းရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ဘောလုံး စ ကစားစဉ်တည်းက အားကျ အတုယူခဲ့ပုံ အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဒါလော့က ရော်နယ်ဒိုကို ပေါ်တူဂီနိုင်ငံသားချင်း ဖြစ်တာကြောင့် အားကျ အတုယူတာ မဟုတ်ကြောင်းလည်း ရှင်းလင်းခဲ့ပါတယ်။

ပေါ်တိုမှာ ကြီးပြင်းခဲ့စဉ် အချိန်တုန်းက စံပြပုဂ္ဂိုလ်က ဘယ်သူလဲလို့ ဒါလော့ကို မေးမြန်းခဲ့ရာမှာ ရော်နယ်ဒိုဖြစ်ကြောင်းနဲ့ ဒါကပရိသတ်တွေ အတွက် အံ့အားသင့်စရာ ဖြစ်လိမ့်မယ်လို့ ဟာသဖောက်ခဲ့ပြီး ဘာကြောင့် ရော်နယ်ဒိုကို ချစ်ခင်နှစ်သက်ရလဲဆိုတာ အသေးစိတ် ရှင်းပြ ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အဖြေက အားလုံးအတွက် နည်းနည်း အံ့အားသင့်စရာဖြစ်ပါလိမ့်မယ်။ ရော်နယ်ဒိုပါ။ ကျွန်တော့်အတွက်ကတော့ သူက အဓိကစံပြပုဂ္ဂိုလ်တစ်ဦးပါ။ ”

“ကျွန်တော် ဘောလုံး စကစားတဲ့နေ့ကတည်းက သူက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ခဲ့တာပါ။ သူက ပေါ်တူဂီလူမျိုး ဖြစ်နေလို့လည်း မဟုတ်ဘူး။ သူ ကစားတဲ့ပုံစံကြောင့်လည်း မဟုတ်ပါဘူး။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ”

” ခင်ဗျား အားကစားသမား တစ်ယောက်အကြောင်း စဉ်းစား လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ အားကစားသမား၊ ပြီးပြည့်စုံတဲ့ ဘောလုံးသမား ဆိုရင်တော့ ခရစ်စတီယာနိုကို ရွေးချယ်ဖို့ လိုပါတယ် ”

“ကျွန်တော့်အတွက်ကတော့ သူက ဘောလုံး စ ကစားဖို့အတွက် အဓိက အားကျအတုယူခဲ့ရတဲ့သူပါ။ သူနဲ့ တူချင်တာကြောင့်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို ကျွန်တော် လျှောက်လှမ်းချင်လို့ပါ။ ဒါပေမယ့် သူ့ကို သိတယ်ဆိုရင် သူ ဘယ်လို အလုပ် လုပ်လဲဆိုတာ မယုံကြည်နိုင်လောက်စရာ မြင်တွေ့ရပါလိမ့်မယ် ” လို့ ဒါလော့က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဒါလော့ က ပြီးခဲ့တဲ့ နွေကမှ မန်ယူအသင်းထံ ရောက်ရှိလာခဲ့ပြီး ရော်နယ်ဒို ခြေရာနင်းကာ အသင်းမှာ တောက်ပလာဖို့ ရည်မှန်းချက်ကြီး ရှိနေပါတယ်။