ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်ကစားခဲ့ပြီး လီဗာပူးအတွက် ဒုတိယဂိုးကို သွင်းယူပေးသွားခဲ့တဲ့ အိုရီဂီရဲ့ ခြေစွမ်းကို ဝါရင့်တွေဖြစ်တဲ့ ပီယာလိုနဲ့ ကာပယ်လိုတို့က ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူတွေအဖြစ် ပါဝင်ခဲ့တဲ့ သူတို့နှစ်ဦးက ဖာမီနိုနဲ့ လူစားလဲပြီး ဝင်ရောက်လာခဲ့တဲ့ အိုရီဂီဟာ ပွဲကို အာရုံစူးစိုက်မှု နည်းပါးလွန်းခဲ့တယ်လို့ ဝေဖန်သွားခဲ့တာဖြစ်တယ်။

ပီယာလိုက “အိုရီဂီရဲ့ အနေအထားက ဆိုးပါတယ်။ အရမ်းအရေးကြီးတဲ့ ဒီလိုပွဲမှာ သူဂိုးမသွင်းနိုင်ခဲ့ရင် စိတ်ပါလက်ပါ မကစားခဲ့တဲ့ ပုံစံတွေကြောင့် ကျနော်ကတော့ စောင့်ကန်ပစ်မိမှာပါပဲ ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

အင်္ဂလန်မန်နေဂျာဟောင်း ကာပယ်လိုကလည်း ပီယာလိုရဲ့ အမြင်ကို ထောက်ခံပါတယ်လို့ မှတ်ချက်ပေးသွားခဲ့တယ်။ အိုရီဂီဟာ လူစားဝင်လာပြီးချိန်မှာ ဘောလုံးပေးမှု အတော်လေး ဆိုးရွားခဲ့ပြီး သူ့ရဲ့ အဆုံးသတ် ကောင်းခဲ့မှုကြောင့် ဝေဖန်မှုတွေကနေ ကင်းလွှတ်ခဲ့ရတာလို့ ဝါရင့်ကြီးတွေ ယူဆခဲ့တာပါ။

အိုရီဂီဟာ ဆီမီးဖိုင်နယ်အဆင့်တွေတုန်းက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ ဖာမီနိုတို့ မပါနိုင်ချိန်မှာ ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာကို အနိုင်ရတဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူပြီး လီဗာပူးရဲ့ ဟီးရိုးဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။