နောဝစ်ချ်ပွဲမှာ ပွဲကို လွှမ်းမိုးနိုင်ဖို့အတွက် နည်းစနစ် ပြောင်းလဲခဲ့ရပြီး မာနေးကို ဘယ်ခြမ်း ပြန်ပို့ကာ လူးဝစ်ကို အိုရီဂီနဲ့အတူ ၄-၄-၂ ကစားစေခဲ့ရတယ်လို့ ပွဲအပြီးမှာ ယာဂင်က ဝန်ခံပါတယ်။

လီဗာပူးအသင်းဟာ မာနေးကို အထောင်ထားတဲ့ ၄-၃-၃ ပုံစံဖြင့် ပွဲထွက်ပေမယ့် တိုက်စစ်သမားတွေ တွဲလုံးတွေ မကောင်းခဲ့ပြီး ဦးဆောင်ဂိုးပါ ပေးခဲ့ရတာပါ။ နောက်ပိုင်းမှာ ကွင်းလယ်မှာ သီယာဂိုကို ထည့်ပြီး တိုက်စစ်အတွက် အိုရီဂီကို အားဖြည့်မှုနဲ့အတူ နိုင်ပွဲအတွက် နည်းစနစ် အပြောင်းအလဲ ရှာဖွေနိုင်ခဲ့ပါတယ်။

ယာဂင်က “ ပြိုင်ဘက်ရဲ့ အခြေအနေကိုလည်း စိစစ်ရပြီး ပြီးခဲ့တဲ့ပွဲမှာ သူတို့ ဘယ်လိုကစားလဲ၊ အဲ့မတိုင်ခင်ပွဲတွေမှာ ဘယ်လိုကစားလဲဆိုတာတွေနဲ့အတူ ကိုယ်ဘယ်လိုကစားရမယ်ဆိုတာကို လေ့လာရပါတယ်။ ဒါပေမယ့် တကယ်တမ်းပွဲမှာတော့ သူတို့ကလည်း စိစစ်မှုတွေ ကောင်းကောင်းလုပ်ထားတာကို မြင်ရတယ်။ ဒီတော့ အခြားနည်းလမ်းကို ပြောင်းလဲ ကစားဖို့ လိုခဲ့ပါတယ်။

ပွဲအစောပိုင်းမှာ ကိုစတက်ထံကနေ ကျနေ်ာတို့ သွင်းဂိုး ရနိုင်လောက်တဲ့ အခွင့်အရေး နှစ်ကြိမ်ရခဲ့တယ်။ ဗာဂျယ်ရဲ့ ခေါင်းတိုက်ဘောကောပေါ့။ ကျနော် အသင်းသား နှစ်ယောက်လောက်က အဆုံးသတ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် အဲ့လို ဘာလို့ မလုပ်နိုင်ခဲ့မှန်း၊ ဂိုးမသွင်းနိုင်ခဲ့မှန်း မသိပါဘူး။

ပထမပိုင်းအပြီးမှာ ဒီလို ဒီလိုတွေ ပြောင်းလဲကစားမယ်ဆိုပြီး မပြောခဲ့ပါဘူး။ တစ်ချိန်လုံး ကျနော်တို့ ကစားနေတဲ့ ပုံစံအတိုင်းပဲ ကစားဖို့ပါ။ ပိုပြီးတော့ လုပ်နိုင်ဖို့တော့ လိုတာပေါ့။ ဒုတိယပိုင်းမှာ ကျနော်တို့ ကြိုးစားပေမယ့် ဂိုးပေးလိုက်ရတယ်။ အခြေအနေက ရှုပ်ထွေးလာတယ်၊ ကွင်းထဲ အခြေအနေကလည်း ရှုပ်ထွေးလာပြီး အနည်းငယ် ထိတ်လန့်လာတာကို မြင်ရပါတယ်။

လူစားလဲမှုကို ခပ်စောစော လုပ်ရတော့မယ်လို့ ကျနေ်ာတို့ တွေးခဲ့မိပြီး သီယာဂိုနဲ့ ပွဲထိန်းဖို့ ဆုံးဖြတ်ခဲ့ပြီး ၄-၄-၂ ပုံစံကို ပြောင်းကစားခဲ့တယ်။ အခြေအနေကနေ ရုန်းထွက်ဖို့ လိုခဲ့ပါတယ်။

ပထမဂိုးက သိပ်ကောင်းတဲ့ အခွင့်အရေးကနေ ဂိုးရခဲ့တာ မဟုတ်ပါဘူး။ မယုံနိုင်လောက်တဲ့ အဆုံးသတ်မှုနဲ့ မာနေးက ဂိုးသွင်းပေးခဲ့တာပါ။ ကျန်ဂိုးတွေကလည်း သိပ်ကို လှပါတယ်။ ပရီးမီးယားလိဂ်မှာ အခြားအသင်းတွေရဲ့ အရည်အချင်းကလည်း သိပ်ကောင်းတာ မြင်ကြမှာပါ။ ဒါကြောင့် အနိုင်ရတာက သိပ်ကို ချိုမြိန်ရတာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂျိုတာနဲ့ ဖာမင်နိုတို့ ဒဏ်ရာရနေတာကြောင့် လူစာရင်းမှာ နေရာရခဲ့တဲ့ လူးဝစ် ဒီယက်စ်ကလည်း သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို ရခဲ့ပါတယ်။ ဒီဂိုးက ပွဲကို အပြီးသတ်ဖို့ အရေးပါတဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။

နည်းပြကြီးက “ ပြီးခဲ့တဲ့ နှစ်ပွဲမှာ လူးဝစ် ဘယ်လို ကစားခဲ့လဲဆိုတာ ခင်ဗျားတို့လည်း မြင်ပါတယ်။ သူက မယုံနိုင်အောင် ကစားခဲ့ပြီး ဒီနေ့မှာလည်း သူက အတော်လေး ကြိုးစားအားထုတ်ခဲ့တယ်။

ကျနော်တို့ ကစားနေတဲ့ နည်းစနစ်ကို ပြောင်းလဲခဲ့ပြီး လူးဝစ်ကို အလယ်ပို့ခဲ့တယ်၊ ဆာဒီယိုကို သူ့ရဲ့ မူလနေရာ ပြန်ကစားစေခဲ့တယ်။ ဆာဒီယိုက အလယ်ကနေပဲ ဂိုးသွင်းခဲ့သလို လူးဝစ်ကလည်း အလယ်ကြောကနေ သိပ်ကောင်းတဲ့ ပြေးထွက်မှုကနေ ဂိုးသွင်းခဲ့ပါတယ်။

ဂိုးသွင်းခဲ့တာ ကောင်းပါတယ်။ လူးဝစ်က သိပ်ကောင်းတဲ့ အရည်အချင်း ရှိသူပါ။ သိပ် သိပ် ကောင်းတဲ့ ကစားသမားပါ။ ပထမဆုံး သွင်းဂိုး ရလိုက်တာအတွက် သူပျော်နေမယ် ထင်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။