ဘင်ဖီကာ အသင်းဟာ ကြယ်ပွင့် ကစားသမားလေး ဖီးလစ်အတွက် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ယူရို ၈၀ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်စစ် ကစားသမားလေးကိုတော့ ဥရောပ ကလပ်အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ကာ မန်ယူအသင်း ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့တယ်။ မန်ယူဘက်က ကနဦးအဖြစ် ပေါင် ၈၀ သန်း ပေးဖို့နဲ့ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင် ၂၀ သန်း ကို ခွဲပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်းတွေက ဘင်ဖီကာအလိုရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၅ သန်းကို ငွေသားတန်းပေးဖို့ကို တွန့်ဆုတ်နေကြဆဲဖြစ်တယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ ဘင်ဖီကာအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့သေးတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကလည်း ဘင်ဖီကာ တိုက်စစ် ကစားသမားလေး မန်ယူနည်းတူ ယူရို ၈၀ သန်းအပြင် နောက်ထပ် အပိုဆုကြေး ယူရို ၄၀ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ စပိန်သတင်းတွေက ဖော်ပြလိုက်ပြီး ပေါ်တူဂီကလပ် အသင်းဘက်ကတော့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဘင်ဖီကာအသင်း တာဝန်ရှိသူတွေကတော့ တိုက်စစ်မှူးလေး ဂျာအိုဖီးလစ်အတွက် ပေါင် ၁၂၀ သန်းထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။