ဥရောပ ချန်ပီယံ လီဗာပူးအသင်းဟာ အင်္ဂလန်သို့ ပြန်ေ်ရာက်တဲ့နေ့မှာပဲ လီဗာပူးမြို့တွင်း အမိုးဖွင့် ဘတ်စ်ကားနဲ့ လှည့်လည် အောင်ပွဲခံမှုများ ခမ်းနားစွာ ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးအသင်း လှည့်လည် အောင်ပွဲခံမှုမှာ ပါဝင်အားပေးတဲ့ ပရိသတ် ၇သိန်းခွဲအထိ ရှိကြောင်း လီဗာပူး မြိုတော်ဝန်ကောင်စီက သတင်း ထုတ်ပြန်သွားပါတယ်။ လီဗာပူးမြို့နေ လူထုက ၅သိန်း နီးပါး ရှိပြီး ပရိသတ် အင်အား ၂သိန်းခွဲစာ ကြိုတင် ပြင်ဆင်ခဲ့ပေမယ့် လာရောက် ပူးပေါင်းသူ များပြားခဲ့လို့ ၃ ဆ လောက်ဖြစ်သွားခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က လီဗာပူးအသင်းဟာ ဖလားမျိုးစုံ ယူထားတဲ့ ပရီမီးယားလိဂ်မှ ပြိုင်ဘက် အသင်း မန်စီးတီးရဲ့ အောင်မြင်မှု ဆာလောင်စိတ်ကို အတုယူရမယ်လို့ ပြောဆိုသွားပါတယ်။

စပါးတိုက်စစ်သမား နှစ်ဦး ဖြစ်တဲ့ လူးကပ်မိုရာနဲ့ လော်ရန်တေးကတော့ ၄င်းတို့ဟာ လီဗာပူးအသင်းကို အနိုင်ယူနိုင်ဖို့ အခွင့်ကောင်းများ လုံလောက်စွာ ရှိခဲ့ကြောင်းနဲ့ အရှုံးကို လက်ခံရ ခက်ခဲနေဆဲဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ဟာ ချန်ပီယံလိဂ် ဒီတပတ် အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးရရှိသွားပါတယ်။

စပါးနည်းပြ ပိုချက်တီနိုက လီဗာပူးနဲ့ ရင်ဆိုင်တဲ့ ဗိုလ်လုပွဲမှာ လူးကပ်မိုရာထက် တိုက်စစ်မှူး ကိန်းကို ပွဲထွက် လူစာရင်းမှာ နေရာပေးခဲ့ခြင်း အပေါ် နောင်တရခြင်း မရှိကြောင်း ပြောဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းနှစ်သင်း အခြေအနေကို ခြားနားသွားစေခဲ့တာက ဗန်ဒိုက်၊ အယ်လစ်ဆန်တို့ ဖြစ်ပေမယ့် ယာဂင်ကလော့ပ်က လီဗာပူးအတွက် အရေးအပါဆုံး ပုံရိပ်ဖြစ်ခဲ့ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

မန်စီးတီးအသင်းနဲ့ လီဗာပူးတို့ဟာ လိုင်ယွန်တိုက်စစ်သမား နာဘေး ဖယ်ကီရာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်တိုက်စစ်သမားက ပြီးခဲ့တဲ့နွေကပဲ လီဗာပူးထံ ရောက်လုနီးပါး ဖြစ်ခဲ့သူပါ။

ချန်ပီယံလိဂ် ဗိုလ်စွဲသွားတဲ့ လီဗာပူးအသင်းက ယူရိုပါလိဂ် ချန်ပီယံ ချယ်ဆီးအသင်းနဲ့ ယူအီးအက်ဖ် စူပါကပ်ဖလား လုပွဲအဖြစ် သြဂုတ်လ ၁၄ ရက်နေ့ တူရကီက အစ္စတန်ဘူလ်ကွင်းမှာ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပေမယ့် အဲဗာတန်မှ ဘရာဇီးသား တိုက်စစ်သမား ရစ်ချာလီဆန်ကတော့ ဂွတ်ဒီဆင်ပါ့ခ်က မထွက်ခွာလိုပဲ အပြောင်းအရွှေ့ ကိစ္စများ မစဉ်းစားသေးဘူးလို့ ထုတ်ဖော် ပြောဆိုထားပါတယ်။