အာဆင်နယ်ဟာ အင်တာမီလန်မှ ဂျီနိုအာအသင်းထံ အငှာကစားနေတဲ့ အသက် ၂၂ နှစ် အရွယ် ဂိုးသမား Andrei Radu ကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။

အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်း ပထမပိုင်း ကောင်းစွာ ကစားနိုင်ခဲ့ပေမယ့် ချယ်ဆီး အသင်း ဂိုးသွင်းလိုက်တာနဲ့ တစ်သင်းလုံး ပြိုဆင်းသွားခဲ့တဲ့ အပေါ် ထောက်ပြလိုက်ပြီး အာဆင်နယ် အတွက် ၀မ်းနည်းဖွယ်ည ဖြစ်ခဲ့ကြောင်း ပြောဆိုသွားပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ ချန်ပီယံလိဂ်ဖလား ရယူပြီးချိန်မှာ စပါးအသင်းကို လှောင်ပြောင်စကားဆိုခဲ့ပြီး အင်တာဗျူးမှာ “တစ်ခါ ဂန်းနားဖြစ်ဖူးရင် အမြဲတမ်း ဂန်းနားပဲ” လို့ ထည့်သွင်း ပြောဆိုခဲ့တာကြောင့် အာဆင်နယ် ပရိတ်သတ်တွေရဲ့ ချီးကျူး အားပေးမှုကို ခံနေရပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဘရုဂေးအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဝက်စ်လေ မိုရေးစ်ကို လာဇီယိုအသင်းဟာ ယူရို ၂၅ သန်းနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီဟာ ပီအက်စ်ဂျီ ညာနောက်ခံလူ သောမတ်စ် မူနီယာကို ကိုယ်တိုင် ဆက်သွယ် ချဉ်းကပ်နေဆဲဖြစ်ပါတယ်။ မူနီယာဟာ မန်ယူအသင်းထံ ရောက်ရှိဖို့ အလွန် နီးစပ်နေပေမယ့် အမ်မရီကတော့ သူ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းကနေ ထွက်လာပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးရဲ့ တံကောက်ကြော ဒဏ်ရာက အရှင်း မပျောက် သေးတာကြောင့် ဝေးစ် လက်ရွေးစင် အသင်းက ပြန်လွှတ်ဖို့ စဉ်းစားနေပြီး ကုသမှု ခံယူစေလိုနေကြောင်း ဝေးစ်အသင်း မန်နေဂျာ ရိုင်ယန်ဂစ်က ပြောကြားထားပါတယ်။

ဒေါ့မွန်အသင်းဟာ အာဆင်နယ်အသင်းက လူငယ်ကြယ်ပွင့် ဘူကာယို ဆာခါကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ၁၇ နှစ် အရွယ် လူငယ်ကြယ်ပွင့်လေးဟာ အာဆင်နယ် U23 အသင်းအတွက် ၅ ဂိုးသွင်းယူကာ ၈ ဂိုး ဖန်တီးပေးထားပါတယ်။