လာမယ့်စနေနေ့မှာ လီဗာပူးအသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲကို ကင်းပါဝါကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လီဗာပူးအသင်းကော မန်စီးတီးအသင်းပါ ရာသီကြို ပြင်ဆင်မှုကို ခပ်သွက်သွက် သွားနေဆဲပါ။ လီဗာပူးအသင်းသားတွေဟာ အခုချိန်ထိ မိနစ် ၉၀ အပြည့် မကစားရသေးပါဘူး။

မန်စီးတီးပွဲပြီးရင်တော့ အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲ တစ်ပွဲပဲ ရှိတော့တာမို့ ကွန်မြူနတီဒိုင်းပွဲမှာ တတ်နိုင်သလောက် အဓိက ကစားသမားတွေကို ပွဲထွက်ခွင့်ပေးရေး နည်းပြကြီးက စီစဉ်ပေးနိုင်ပါတယ်။

ကလောပ့်က ” အခြေအနေတွေအရ အတော်လေး အရေးကြီးတဲ့ ပွဲစဉ်ပါပဲ။ ဒါပေမယ့် အခြေအနေဆိုတာက ကျနော်တို့ဟာ ဘောလုံးရာသီ တစ်ခုလုံးအတွက် ပြင်ဆင်နေဆဲ အချိန်အခါဖြစ်ပါတယ်။ ဒါကို မေ့ထားလို့ မရပါဘူး။

စနေနေမှာ ကစားရမယ့်ပွဲဟာ ဘောလုံးရာသီနဲ့ ပတ်သက်ပြီး အများကြီး မြင်တွေ့ခွင့်ရစေမလား? ကျနော်ကတော့ အသင်းကောင်း နှစ်သင်းကို မျှော်လင့်ထားတယ်။ ဆဲလ်ဘတ်ကပွဲမှာ ကျနော်တို့ ရှုံးခဲ့တာတောင် ဒုတိယပိုင်းအတွင်း ကောင်းမွန်တဲ့ ပုံစံတွေ ရနေကြတာကို မြင်ခဲ့ရသေးတယ်။

စနေနေ့ ကွင်းထဲမှာ ကျနော်တို့ ကောင်းကောင်းကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ အဓိက စိန်ခေါ်မှုက မိနစ် ၉၀ အပြည့် ကစားဖို့ပါပဲ။ အင်္ဂလန်က ရာသီဥတုက ဘယ်လိုဖြစ်မယ်ဆိုတာ မသိပါဘူး။ အဲ့မှာလည်း အရမ်းပူနေနိုင်တယ်။ ဒီတော့ အတူတူ ယှဉ်ပြိုင်ကြတာပေါ့ ” လို့ ပြောခဲ့ပါတယ်။

ကွန်မြူနတီဒိုင်းကို ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ကို ထိပ်တိုက် ယှဉ်ပြိုင်စေတဲ့ ပွဲစဉ်ဆိုပေမယ့် အရေးပါလှတဲ့ ပွဲစဉ်မဟုတ်ဘဲ ခြေစမ်းပွဲ အဆင့်ပဲ ရှိတာဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ကလော့ပ်ကပဲ ” ဒီပွဲက နိုင်ခဲ့ရင် အရမ်းကို အရေးကြီးတဲ့ ပြိုင်ပွဲပါပဲ။ အကယ်လို့ ရှုံးခဲ့ရင်တော့ သိပ်အရေးမပါတဲ့ ပြိုင်ပွဲပဲပေါ့ ” လို့ ရယ်မောပြီး စနောက်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲအတွက် ဘယ်လိုလူစာရင်းတွေ ထုတ်သုံးကြမလဲကတော့ မသိရသေးပေမယ့် စီနီယာတွေကို အဓိက ပွဲထုတ်လာကြမှာ ဖြစ်ပါတယ်။